Tesla က သူ့ရဲ့ ကားတွေမှာ Autopilot နဲ့ Full Self-Driving (FSD) Beta ကို ထည့်သွင်းပေးထားပါတယ်။ အဲဒီနည်းပညာတွေဟာ Level 2 ယာဉ်မောင်းထောက်ကူစနစ် အဆင့်ပဲရှိသေးပြီး ယာဉ်မောင်းဟာ စတီယာရင်ကို ကိုင်ထားရမှာ ဖြစ်သလို အချိန်ပြည့် သတိကပ်ထားရမှာပါ။

ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ ယာဉ်မောင်းတွေဟာ အဲဒီလိုအပ်ချက်တွေကို ဂရုမစိုက်ဘဲ ရူးကြောင်ကြောင် အလုပ်တွေ လုပ်ခဲ့ကြပါတယ်။ Tesla Autopilot ကို သုံးကာ ယာဉ်မောင်းဟာ အိပ်နေတာတွေ၊ ယာဉ်မောင်း ထိုင်ခုံမှာ ခွေး ၁ ကောင်ကို ထားထားတာတွေ စတဲ့ ဖြစ်ရပ်တွေ ရှိခဲ့ပါတယ်။

အခုလည်း ဒေါ်လာ ၃,၅၀၀ တန် AR/VR Headset ဖြစ်တဲ့ Apple Vision Pro ကို ဝတ်ဆင်ကာ Tesla Autopilot နဲ့ ကားမောင်းနေတဲ့ ငပေါတွေ ထွက်လာပြန်ပါပြီ။ အဲဒီ ဗီဒီယိုဟာ အွန်လိုင်းမှာ နာမည်ကြီးနေပြီး အောက်မှာ ကြည့်နိုင်ပါတယ်။

Cybertruck မှာ Autopilot မရသေးပါဘူး။ အဲဒီ ယာဉ်မောင်းဟာ Apple Vision Pro ဝတ်ထားပြီး စတီယာရင်ကိုလည်း ဘာ့ကြောင့် မကိုင်ဘဲ မောင်းနေသလဲ ဆိုတာ မပြောတတ်ပါဘူး။

နောက်ထပ် Tesla ယာဉ်မောင်း ၁ ယောက်ဟာလည်း Apple Vision Pro ဝတ်ကာ Autopilot နဲ့ မောင်းတဲ့အတွက် ရဲဖမ်းတာခံလိုက်ရတဲ့ ဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

Apple က Apple Vision Pro ဝတ်ထားရင်း ကားမောင်းနိုင်တယ်လို့ မပြောထားပါဘူး။ Vision Pro မှာ ဖောက်ထွင်းမြင်ရတဲ့ စွမ်းရည် ပါပြီး ပတ်ဝန်းကျင်ကို ကြည့်မြင်နိုင်ပေမယ့် Virtual ရုပ်ပုံတွေ ပြသနိုင်တဲ့အတွက် ကားမောင်းရင် အနှောင့်အယှက် ဖြစ်စေပါတယ်။ နောက်တစ်ချက်က ဒါဟာ နည်းပညာ အသစ် ဖြစ်တဲ့အတွက် အမှားမကင်းပါဘူး။ အဲဒီအတွက် ကားမောင်းနေရင်း Virtual ရုပ်ပုံတွေ ပြလာရင် အန္တရာယ်ရှိပါတယ်။

Ref : electrek