တရုတ်နိုင်ငံ Shanghai မြို့က McDonalds စားသောက်ဆိုင်ကြီးတစ်ခုဟာ ၂၀၂၆ ခုနှစ် မတ်လမှာ ကျင်းပခဲ့တဲ့ Shanghai Science and Technology Museum ရဲ့ ဖွင့်ပွဲအခမ်းအနားကြီးမှာ ဧည့်သည်တွေကို အံ့အားသင့်သွားစေမယ့် အစီအစဉ်တစ်ခု လုပ်ပြခဲ့ပါတယ်။ အဲဒါကတော့ နာမည်ကြီး Keenon Robotics ကနေ အထူးထုတ်လုပ်ထားတဲ့ လူတူစက်ရုပ်တွေကို ဆိုင်ဝန်ထမ်းတွေအနေနဲ့ ပထမဆုံးအကြိမ် စမ်းသပ်အသုံးပြုခဲ့တာပဲ ဖြစ်ပါတယ်။

ဒီစမ်းသပ်မှုမှာ ခြေနှစ်ဖက်ထောက် လူတူစက်ရုပ်တွေဟာ ဆိုင်ထဲဝင်လာတဲ့ စားသုံးသူတွေကို အပြုံးနဲ့ နှုတ်ဆက်တာ၊ နေရာချထားပေးတာ၊ သိချင်တာတွေကို ဖြေကြားပေးတာနဲ့ စားသောက်နေသူတွေကို ဖျော်ဖြေပေးတာတွေအထိ အချိတ်အဆက်မိမိ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဘီးတပ်စက်ရုပ်တွေကလည်း စားပွဲဝိုင်းတွေဆီ အစားအသောက်ပို့ဆောင်တာနဲ့ စားပြီးသားဗန်းတွေ သိမ်းဆည်းတဲ့ အလုပ်တွေကို သွက်သွက်လက်လက် တာဝန်ယူလုပ်ဆောင်ပေးခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ McDonalds ဝန်ထမ်းအင်္ကျီကို သေသေချာချာ ဝတ်ဆင်ထားတဲ့ လူတူစက်ရုပ်တွေဟာ ကောင်တာအနောက်ဘက်ကနေ ဖောက်သည်တွေနဲ့ ရင်းရင်းနှီးနှီး စကားပြောဆိုဆက်သွယ်နေတာကို စိတ်ဝင်စားဖွယ် မြင်တွေ့ရပါတယ်။ ဒါပေမဲ့ ဟင်းလျာချက်ပြုတ်တာနဲ့ တခြား အဓိကကျတဲ့ နောက်ကွယ်က အလုပ်တွေကိုတော့ ကျွမ်းကျင်တဲ့ လူသားဝန်ထမ်းတွေကပဲ ဆက်လက်ဦးစီးလုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
၅ ရက်ဝန်းကျင်လောက် ကြာမြင့်ခဲ့တဲ့ အဲဒီ စမ်းသပ်မှုကြီးက AI နည်းပညာနဲ့ ဝန်ဆောင်မှုပေးတဲ့ စက်ရုပ်တွေဟာ ဖောက်သည်တွေနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ အလုပ်တွေမှာ ဘယ်လောက်အထိ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်သလဲဆိုတာကို လက်တွေ့ပြသလိုက်တာပါ။ ဒါဟာ အလုပ်သမားတွေနေရာမှာ အပြီးတိုင် အစားထိုးလိုက်တာမျိုး မဟုတ်ဘဲ ဝန်ဆောင်မှုပိုင်းကို ပိုမိုမြန်ဆန်ကောင်းမွန်လာစေဖို့နဲ့ ဖောက်သည်တွေအတွက် စားသောက်ရတာ ပိုပြီး ပျော်စရာကောင်းတဲ့ အတွေ့အကြုံတစ်ခုဖြစ်လာစေဖို့ McDonalds က စက်ရုပ်တွေကို ဘယ်လို ဆန်းသစ်အသုံးပြုနေသလဲဆိုတာကို မီးမောင်းထိုးပြလိုက်တာပဲ ဖြစ်ပါတယ်။
Ref : Technology Innovation