PUBG ရဲ့ အိန္ဒိယတစ်ကျော့ပြန်ခရီးက ထင်သလောက်လွယ်ကူမနေပါဘူး။ ပြီးခဲ့တဲ့အောက်တိုဘာလကုန်တုန်းက အိန္ဒိယကနေ တရားဝင်နှုတ်ဆက်ထွက်ခွာသွားပြီလို့ ကြေညာခဲ့ပြီး၊ လဝက်မပြည့်ခင်မှာ အိန္ဒိယဆီ တစ်ကျော့ပြန်လာဖို့ ကြိုးစားနေကြောင်း ပြန်လည်ပြောဆိုခဲ့ပါတယ်။

PUBG ကော်ပိုရေးရှင်းဟာ သူတို့ရဲ့ဂိမ်းကို PUBG Mobile India ဆိုတဲ့နာမည်ပြောင်းလဲပြီး ပြန်လာဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ဂိမ်းတွင်းဇာတ်ကောင်တွေကို အဝတ်အစားအပြည့်အစုံနဲ့ ထားရှိတာ၊ Red Hit Effect အစား Green Hit Effect တွေပြောင်းလဲထားတာအပါအဝင်၊ အိန္ဒိယအစိုးရအလိုကျ နိုင်ငံဥပဒေနဲ့ကိုက်ညီအောင် ပြင်ဆင်မှုတွေ ပြုလုပ်လာမယ်လို့လည်း ဆိုပါတယ်။

ဒီနောက်ပိုင်းမှာတော့ User အချို့ရဲ့ Profile တွေကိုလည်း “ဤကစားသမားသည် PUBG Mobile India သို့ ပြောင်းရွှေ့သွားပြီ” ဆိုတဲ့ Message တွေဖော်ပြလာကြောင်း သတင်းထွက်လာပါတယ်။ ဒါပေမယ့် PUBG Mobile India beta ဗားရှင်းကို ဘယ်အချိန်မှာ ထုတ်လွှတ်ပေးမလဲဆိုတဲ့ မေးခွန်းအတွက်တော့ အဖြေမရှိဘဲ ဖြစ်ခဲ့ရပါတယ်။ ကုမ္ပဏီအနေနဲ့လည်း သူ့ရဲ့ဝက်ဘ်ဆိုက်မှာ Teaser တွေကိုပဲ ထုတ်လွှတ်ပေးနေခဲ့တာကို တွေ့ရပါတယ်။

ဒီကိစ္စဟာ အထက်မှာပြောခဲ့သလိုပဲ ထင်သလောက်မလွယ်ကူဘဲ၊ ခက်ခဲရှုပ်ထွေးမှုတွေရှိနေကြောင်းကို မကြာခင်က RTI (အိန္ဒိယအစိုးရရဲ့ Right To Information Act) ရဲ့တုံ့ပြန်မှုအရ သိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် MeitY (Ministry of Electronics & IT) အိန္ဒိယအစိုးရကတော့ PUBG/PUBG Mobile India ကို သဘောတူခွင့်ပြုချက်ပေးထားတာမျိုး မရှိကြောင်း ပြောကြားခဲ့ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ PUBG ကို ပိတ်ပင်ခြင်းဟာ နိုင်ငံတော်လုံခြုံရေးခေါင်းစဉ်အောက်ကိုရောက်နေတဲ့အတွက် အလွယ်တကူဖြေလျှော့သွားဖွယ်မရှိဘူးလို့ ဆိုရပါမယ်။

Ref: GSM Arena