Xiaomi ဟာ Redmi စမတ်ဖုန်းတွေကို နိုင်ငံတကာ စျေးကွက်တွေမှာ ရှုပ်ထွေးနိုင်တဲ့ အမည်ပြောင်းလဲမှုတွေနဲ့ မိတ်ဆက်လာလေ့ရှိပြီး ယခုအခါ အလှည့်ကျတာတော့ အိန္ဒိယအတွက် Redmi 9 စမတ်ဖုန်းပါပဲ။

နိုင်ငံတကာ စျေးကွက်ကို Redmi 9 အဖြစ် မိတ်ဆက်ခဲ့တဲ့ ဟန်းဆက်ကို အိန္ဒိယမှာ Redmi 9 Prime အမည်နဲ့ မိတ်ဆက်ပြီး ဖြစ်တာမို့ အခု Redmi 9 India ဗားရှင်းဟာ ဟန်းဆက်အသစ် တစ်လုံး ဖြစ်ပါတယ်။ Redmi 9 အိန္ဒိယဗားရှင်းဟာ အခုနှစ် အစောပိုင်းမှာ မိတ်ဆက်ထားတဲ့ Redmi 9C နဲ့ ပိုတူညီနေပြီး ကင်မရာ ပိုင်းမှာ ထပ်လျှော့ချထားပါသေးတယ်။

ယခု Redmi 9 ဖုန်းဟာ နောက်ဘက်မှာ Squaircle (Xiaomi ပြောခွင့်ရ ပုဂ္ဂိုလ်က Square Circle ဆိုတဲ့ စကားလုံးကို နောက်ပြောင်ပြီး မိတ်ဆက်ခဲ့တာပါ) ပုံသဏ္ဍာန် ကင်မရာ ကအစ 9C နဲ့ တူညီပါတယ်။ Camera Module ထဲမှာတော့ 13MP အဓိက Sensor နဲ့ 2MP Depth Senor တို့ ပါဝင်ကာ LED Flash လည်း ပါဝင်ပေမယ့် စတုတ္ထမြောက် ကင်မရာနေရာကိုတော့ အလွတ်ထားလာပါတယ်။

Waterdrop Notch ထဲက ဆဲလ်ဖီးကင်မရာက 5MP f/2.2 ဖြစ်ပြီး Portrait ရိုက်ကူးဖို့ AI Feature အချို့ ပါဝင်ပါတယ်။ Display ကတော့ 6.53” LCD Panel ဖြစ်ပြီး HD+ Resolution နဲ့ 20:9 အချိုးတို့ ပိုင်ဆိုင်ပါတယ်။

Redmi 9 မှာ အသားပေးလာတာက မန်မိုရီပိုင်းဖြစ်ပြီး 4GB RAM ကို 64GB သို့မဟုတ် 128GB Storage ပမာဏနဲ့ ရယူနိုင်ပါတယ်။ ဒါကတော့ 2/32GB သာ ရရှိခဲ့တဲ့ Redmi 9C ထက် သိသိသာသာ ပိုကောင်းတာပါ။ ကျန်တဲ့ အပိုင်းတွေကတော့ Helio G35 ချစ်ပ်ဆက်၊ 5,000 mAh ဘက္ထရီ စသဖြင့် တူညီတဲ့ Specs တွေပါပဲ။

Xiaomi Redmi 9 ကို အိန္ဒိယစျေးကွက်မှာ ဩဂုတ်လ ၃၁ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး 4/64GB ဗားရှင်းအတွက် ရူပီး ၈၉၉၉ (မြန်မာငွေ တစ်သိန်းခြောက်သောင်း) ကျသင့်ကာ 4/128GB ဗားရှင်းက ရူပီး ၉၉၉၉ (မြန်မာငွေ တစ်သိန်းရှစ်သောင်း) သတ်မှတ်ထားပါတယ်။ Carbon Black, Sky Blue, Sporty Orange ဆိုပြီး ကာလာသုံးမျိုး ရရှိနိုင်မှာပါ။

Ref – GSMArena