အင်ဒိုနီးရှားနိုင်ငံဟာ အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာနဲ့ တခြားနာမည်ကြီး အွန်လိုင်းပလက်ဖောင်းတွေ အသုံးပြုခွင့် ပိတ်ပင်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အွန်လိုင်းပေါ်က အလွဲသုံးစားလုပ်မှုတွေကနေ လူငယ်တွေကို ကာကွယ်ဖို့အတွက် အခုလို ကန့်သတ်ချက်တွေ ချမှတ်လိုက်တာဖြစ်ပြီး မတ်လ ၂၈ ရက်နေ့ကစလို့ YouTube, TikTok, Facebook စတဲ့ ပလက်ဖောင်းတွေမှာ အသက် ၁၆ နှစ်အောက် အကောင့်တွေကို ပိတ်သိမ်းသွားမှာ ဖြစ်ပါတယ်။

ကလေးတွေဟာ အွန်လိုင်းပေါ်က လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ၊ အနိုင်ကျင့်ခံရမှုတွေ၊ လိမ်လည်မှုတွေနဲ့ အဓိကအားဖြင့် စွဲလမ်းမှုစတဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆက်သွယ်ရေးနဲ့ ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးက ပြောပါတယ်။ ၂၀၂၃ ခုနှစ် Unicef ရဲ့ စစ်တမ်းအရ အင်ဒိုနီးရှား ကလေးငယ် ထက်ဝက်ခန့်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ လိင်ပိုင်းဆိုင်ရာ ပုံရိပ်တွေနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ အစိုးရရဲ့ အခုလို ဝင်ရောက်စွက်ဖက်ပေးမှုဟာ မိဘတွေအတွက် စိုးရိမ်ပူပန်မှုတွေကို တော်တော်လေး လျော့ကျစေတယ်လို့လည်း မိခင်တစ်ဦးက ဆိုပါတယ်။

ဒါပေမဲ့ လူငယ်တွေဘက်ကတော့ လုံးဝပိတ်ပင်လိုက်တာထက် ပိုမိုညင်သာတဲ့ ချဉ်းကပ်မှုမျိုးကို လိုလားနေကြပြီး သူတို့အတွက် သင့်လျော်တဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ ပိုလုပ်ပေးဖို့ အကြံပြုထားကြပါတယ်။ ကျွမ်းကျင်သူတွေကလည်း ကလေးငယ်တွေကို ကာကွယ်ရာမှာ အသက်အရွယ် ကန့်သတ်ရုံသာမက အချက်အလက် လုံခြုံရေး၊ သတင်းအချက်အလက် ရယူခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ ထောက်ပြထားကြပါတယ်။
သြစတြေးလျနိုင်ငံဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အသက် ၁၆ နှစ်အောက်တွေကို ဆိုရှယ်မီဒီယာ သုံးစွဲခွင့် စတင်ပိတ်ပင်ခဲ့တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီး အဲဒီနောက်မှာ စပိန်နဲ့ ဗြိတိန်တို့ကလည်း အလားတူလုပ်ဆောင်ဖို့ စဉ်းစားနေကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ အရင်ကတည်းက Grok အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေ ပါဝင်တဲ့ အွန်လိုင်းပလက်ဖောင်းတွေကို ပိတ်ပင်ထားခဲ့တဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
Ref : bbc