Infinix ကုမ္ပဏီဟာ တခြားသော စမတ်ဖုန်းကုမ္ပဏီတွေနဲ့ယှဥ်မယ်ဆိုရင် သက်တမ်းနုသေးတယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ထဲမှာပဲ 180W Fast Charging System ၊ Vapor Chamber Design အသစ်အပြင် ပထမဆုံးသော 200MP ဖုန်းကိုပါ မိတ်ဆက်ခဲ့ပြီး စမတ်ဖုန်းလောကထဲမှာ နေရာတစ်ခုကို ရယူနိုင်ခဲ့ပါတယ်။

အခုလည်း Infinix ကနေ ၂၀၂၃ ခုနှစ်အတွက် စမတ်ဖုန်းတွေမှာ အသံအရည်အသွေးကို ပိုပြီးကောင်းမွန်အောင် အာရုံစိုက်တော့မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် Infinix ကနေ အသစ်မိတ်ဆက်သွားမယ့် Note Series ဖုန်းတွေအတွက် အသံပိုင်းကို Tuning ပြုလုပ်ဖို့အတွက် နာမည်ကြီး Audio ကုမ္ပဏီတစ်ခုဖြစ်တဲ့ JBL နဲ့ ပူးပေါင်းလိုက်တာကြောင့်ပဲဖြစ်ပါတယ်။

JBL ဟာ လက်ရှိ Speaker စျေးကွက်မှာ မသိတဲ့သူမရှိလောက်တဲ့အထိ နာမည်ကြီးတဲ့ကုမ္ပဏီတစ်ခုဖြစ်ပြီး အထူးသဖြင့် JBL Signature Bass အသံထွက်နည်းပညာဟာ သုံးစွဲသူတွေကြားထဲမှာ အကြိုက်တွေ့တဲ့ Feature တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် Infinix ဖုန်းတွေမှာ ဘယ်လိုမျိုး JBL ရဲ့ အသံပိုင်းနည်းပညာတွေကို ထည့်သွင်းလာမလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

လောလောဆယ်မှာ Infinix ဟာ JBL Sound ပါဝင်တဲ့ Prototype ဖုန်းကို CES မှာ ပြသထားပါတယ်။ လာမယ့် မေလအတွင်းမှာ မိတ်ဆက်လာမယ့် Infinix Note Series ဖုန်းတွေဟာ JBL Sound ကို စတင်ထည့်သွင်းလာမယ်လို့ သိရပြီး တခြား ဘယ် Series တွေမှာပါ ထပ်မံအသုံးပြုလာမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

Ref – GSM Arena