Infinix ဟာ Hot 9 Play နဲ့အတူ မြန်မာနိုင်ငံဈေးကွက်ထဲကို မကြာသေးခင်ကမှ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ Hot 9 Play တုန်းက ဈေးနှုန်းချိုသာပြီး ၆၀% ပိုမိုသုံးစွဲနိုင်တဲ့ ဘက်ထရီသက်တမ်းနဲ့ထိုးဖောက်ခဲ့တာဖြစ်ပြီး ဈေးကွက်ရဲ့ ကောင်းမွန်တဲ့တုံ့ပြန်မှုကိုလည်း ပြန်လည်ရရှိခဲ့ပါတယ်။

Infinix ဟာ မြန်မာနိုင်ငံမှာ တရားဝင်ရပ်တည်တာ သိပ်မကြာသေးပေမယ့် တကယ်တမ်းမှာတော့ ကုမ္ပဏီဟာ ၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပါတယ်။ အာဖရိက၊ လက်တင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ အရှေ့တောင်အာရှနဲ့ အာရှဒေသအပါအဝင် ကမ္ဘာတစ်လွှားက နိုင်ငံပေါင်း ၃၀ ကျော်မှာရှိနေပြီး ZERO, NOTE, HOT, S နဲ့ SMART စတဲ့ အဓိက ထုတ်ကုန်လိုင်းကြီး ၅ မျိုးလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို Hot 9 Play နဲ့ စတင်မိတ်ဆက်ခဲ့တယ်ဆိုပေမယ့် မကြာသေးခင်ကမှ ကမ္ဘာ့ဈေးကွက်မှာကြေညာသွားတဲ့ Infinix ZERO 8 ကလည်း ကမ္ဘာ့ပထမဦးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ယူဆောင်လာတာ ဖြစ်ပါတယ်။ Infinix ZERO 8 ဟာ ကမ္ဘာ့ပထမဦးဆုံး 48MP Dual Selfie အပြင် ကျောဘက်မှာလည်း Sony IMX 686 lens နဲ့ 64MP ကင်မရာအပါအဝင် ကင်မရာလေးလုံးကို တပ်ဆင်ထားတာ ဖြစ်ပါတယ်။

Infinix ZERO 8 ဟာ 6.85-inch IPS LCD display အမျိုးအစားနဲ့ဖြစ်ပြီး 1080 x 2460 pixel resolution ဖြစ်သလို၊ 90Hz Refresh rate ကိုလည်း ထောက်ပံ့ထားပါတယ်။ မထူလွန်းမပါးလွန်းတဲ့ Bezel တွေကို တွေ့မြင်ရပြီး၊ ရိုးရှင်းတည်ငြိမ်တဲ့ ဒီဇိုင်းအယူအဆကိုလည်း တွေ့မြင်ရပါတယ်။ မျက်နှာပြင်ဘယ်ဘက်အပေါ်ထောင့်မှာတော့ Pill-shaped-punch-hole နဲ့အတူ 48MP (wide) နဲ့ 8MP (ultra-wide) selfie ကင်မရာနှစ်လုံး တပ်ဆင်ပေးထားပါတယ်။

ZERO 8 ရဲ့ 48MP sensor နဲ့ 4K ဗီဒီယိုလည်း ရိုက်ကူးနိုင်တာက လန်းဆန်းတက်ကြွတဲ့ ခေတ်သစ်လူငယ်တွေရဲ့ အာရုံကိုဖမ်းစားနိုင်တဲ့ Feature လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ကျောဘက်မှာတော့ Diamond-Shaped ကင်မရာအိမ်ဖွဲ့စည်းမှုနဲ့အတူ Sony IMX 686 lens နဲ့ 64MP အဓိကကင်မရာ၊ 8MP (ultrawide), 2MP (depth), 2MP (depth) တို့ကို တပ်ဆင်ထားပါတယ်။ ကျောပြင်ထက်မှာ Diamond-shaped နဲ့လိုက်ဖက်တဲ့ Color paint ကိုလည်း ပြုလုပ်ထားပြီး Infinix ကလွဲရင် ဘာမှရှိမနေတာက ရိုးရှင်းတည်ငြိမ်တဲ့ ဒီဇိုင်းကို ဖြစ်စေပါတယ်။ ဒီအတွက် Fingerprint sensor ကို ဘေးဘက်မှာပဲ နေရာချထားခဲ့ရဟန် ရှိပါတယ်။

CPU Octa-core (2×2.05 GHz Cortex-A76 & 6×2.0 GHz Cortex-A55) နဲ့ GPU Mali-G76 MC4 တို့ ပါဝင်တဲ့ MediaTek MT6785 Helio G90T (12nm) chipset ကို အသုံးပြုထားတာဖြစ်ပြီး 8GB of RAM နဲ့ တွဲဖက်ပေးထားတာ ဖြစ်ပါတယ်။ သိုလှောင်မှုပမာဏကတော့ 128GB ဖြစ်ပါတယ်။ OS ကတော့ Android 10 ကို အခြေခံထားတဲ့ XOS 7 ဖြစ်ပါတယ်။ 4,500mAh ဘက်ထရီနဲ့ 33W super-fast အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတာကြောင့် ၃၆ နာရီကြာ မနားတမ်းဖုန်းပြောဆိုနိုင်မှာဖြစ်ပြီး ၂၆ ရက်ကြာ အသင့်အနေအထားနဲ့ အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

Infinix ZERO 8 ကို Black Diamond, Silver Diamond နဲ့ Green Diamond စတဲ့ အရောင်သုံးမျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဥရောပဈေးကွက်မှာတော့ EUR 210 (၃ သိန်း ၂ သောင်းခွဲဝန်းကျင်) နဲ့ ရောင်းချနေပါတယ်။ မြန်မာနိုင်ငံဈေးကွက်ထဲမှာ ဘယ်အချိန်မိတ်ဆက်မယ်ဆိုတာကို မသိရသေးဘဲ တရားဝင်သတင်းထွက်လာမယ့်အချိန်ကို စောင့်မျှော်ရဦးမှာ ဖြစ်ပါတယ်။