Facebook ဟာ TikTok လိုခြေလှမ်းမျိုး လှမ်းနိုင်အောင်လို့ ကြိုးစားနေတာ ကြာပါပြီ။ ဒါပေမယ့် အခုထိ ပုခုံးချင်းယှဉ်နိုင်တဲ့ အခြေအနေကို မရောက်သေးပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်က TikTok ကို ယှဉ်ပြိုင်ဖို့ Lasso တိတ်တဆိတ်ဖြန့်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့အထိ Lasso ဟာ ရှေ့တန်းကို ရောက်မလာသေးပါဘူး။

အခုလည်း Instagram မှာ Reels လို့ခေါ်တဲ့ Feature ကို တရားဝင် ထည့်သွင်းပေးလိုက်ပါပြီ။ Reels ကို စမ်းသပ်နေတာကတော့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နှောင်းပိုင်းလောက်ကတည်းကပါ။ အခုတော့ ၁၅ စက္ကန့်စာ ဗီဒီယိုတွေ ဖန်တီးနိုင်တဲ့ လုပ်ဆောင်ချက်ကို ရရှိပြီဖြစ်တယ်လို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။

Reels ကို Instagram ကင်မရာ (ဘယ်ဘယ်အပေါ်ထောင့်) မှာတွေ့မြင်နိုင်ပါတယ်။ တည်းဖြတ်ဖို့အတွက် Tools တွေ အမျိုးမျိုးရှိပါတယ်။ အသံပိုင်းဆိုင်ရာ တည်းဖြတ်တာ၊ AR Effects, Timer, ကကွက်အတွက် Countdown စတာတွေလည်း ပါဝင်ပါတယ်။ Reels ကို Share လုပ်တာလည်း ပုံမှန် Live ဗီဒီယိုတွေ Share လုပ်သလို၊ Post လုပ်သလိုပါပဲ။

Reels မှာ အသင့်ဖြစ်သွားရင် မူကြမ်း (draft) အနေနဲ့ သိမ်းထားလို့ရပါသေးတယ်။ Cover image ကိုလည်း ပြောင်းလို့ရသလို ဗီဒီယိုကို တင်ချိန်မှာ ရနိုင်တဲ့ Post-edit feature တွေ အားလုံးနီးပါးရတယ်လို့ ဆိုရမှာပါ။ လက်ရှိအချိန်မှာတော့ Reels ကို ဘရာဇီးလ်မှာ စမ်းသပ်ပြီး၊ အမေရိကန်၊ ဗြိတိန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတေးလျ၊ ပြင်သစ်နဲ့ ဂျာမနီတို့မှာတော့ ဖြန့်ချိပြီးဖြစ်ပါတယ်။

Ref: GSM Arena