Instagram ကနေ TikTok ကို ယှဥ်ပြိုင်ဖို့အတွက်မိတ်ဆက်ထားတဲ့ Instagram Reels Feature ဟာ အခုဆိုရင် အသုံးပြုသူတွေ တဖြည်းဖြည်းများပြားနေပြီဖြစ်ပါတယ်။ ဒါပေမယ့် TikTok လိုမျိုး Landscape Video Format မရတာမျိုးတွေ၊ အချိန် ၃ မိနစ်နဲ့အထက် ဗီဒီယိုတွေတင်မရတာတွေလိုမျိုး အချက်တွေမှာ အားနည်းနေဆဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Instagram ဟာ Reels ဗီဒီယိုတွေကို ၃ မိနစ်ပဲ ကန့်သတ်ထားတာကနေ ၁၀ မိနစ်အထိ ကြာမြင့်တဲ့ ဗီဒီယိုတွေကို ထောက်ပံ့ပေးတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဗီဒီယိုအရှည်တွေကို Instagram Reels မှာ တင်ချင်တယ်ဆိုရင်လည်း တင်နိုင်တော့မှာပါ။

အဆိုပါသတင်းကို Mobile Developer တစ်ဦးဖြစ်တဲ့ Alessandro Paluzzi က ပြောကြားခဲ့တာဖြစ်ပြီး Meta ကုမ္ပဏီကပါ တရားဝင် အတည်ပြုပေးလိုက်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုလိုမျိုး ၁၀ မိနစ်အထိ ဗီဒီယိုတွေကို ဘယ်အချိန်ကစတင်ပြီး ထောက်ပံ့ပေးနိုင်မလဲဆိုတာကိုတော့ တရားဝင်ပြောကြားခဲ့ခြင်းမရှိပါဘူး။ ဖြစ်နိုင်ခြေများနေတာကတော့ လာမယ့် ရက်သတ္တပါတ်အတွင်းမှာ စတင်အသုံးပြုနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ Vertical Short Video တွေကို အချိန်အကန့်အသတ်ပြုလုပ်ထားတာက YouTube Shorts ပဲရှိနေပြီး အခုအတိုင်းဆိုရင် YouTube ကပါ Shorts ဗီဒီယိုတွေရဲ့ အမြင့်ဆုံးကြာမြင့်ချိန်ကို တိုးပေးသွားဖွယ်ရှိနေပါတယ်။ ဘာပဲဖြစ်ဖြစ် TikTok က စတင်ခဲ့တဲ့ Vertical ဗီဒီယိုတွေဟာ အခုအချိန်မှာ အောင်မြင်မှုတစ်ခုရရှိနေပြီဆိုတာကတော့ ငြင်းလို့မရပါဘူး။

Ref – Gizmo China