Intel ဟာ လက်ရှိအချိန်မှာ PC ကွန်ပျူတာစျေးကွက်အတွက် CPU Processor တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက Intel ဟာ CPU Processor တင်မဟုတ်ဘဲ Desktop Graphic Card စျေးကွက်ထဲကိုပါ Arc GPU တွေနဲ့ ဝင်ရောက်ခဲ့ပြီး အခုလည်း နောက်ထပ် စျေးကွက်တစ်ခုကို ထပ်မံဝင်ရောက်လာတော့မယ့်ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Intel ဟာ လက်ရှိ Mobile Chipset တွေအတွက် အဓိကအားထားနေရတဲ့ CPU Architecture ထုတ်လုပ်သူ Arm ကုမ္ပဏီနဲ့ ပူးပေါင်းလိုက်တာကြောင့်ပဲဖြစ်ပါတယ်။ အခုလိုမျိုး Arm ကုမ္ပဏီနဲ့ ပူးပေါင်းပြီး စွမ်းအင်စားသုံးမှုနည်းပါးတဲ့ Low-power SoC Chip တွေကို Intel ရဲ့ ကိုယ်ပိုင် 18A Process အသုံးပြုပြီး တည်ဆောက်သွားမယ်လို့ သိရပါတယ်။

အခုလိုမျိုး Arm နဲ့ပူးပေါင်းပြီး Mobile Chipset တွေကို တည်ဆောက်သွားမယ်ဆိုပေမယ့် စမတ်ဖုန်းအတွက် Chipset တွေထက် နောက်ပိုင်းမှာ Automotive ၊ IoT ၊ Data Center ၊ Aerospace အပြင် Government Application တွေအတွက်ပါ ဦးတည်သွားမှာဖြစ်ပါတယ်။ Arm ဘက်မှာလည်း လက်ရှိ Cortex CPU Core တွေကို Intel ရဲ့ Transistor နည်းပညာတွေနဲ့ ပူးပေါင်းပြီး စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းမွန်အောင် ဆောင်ရွက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။

Intel ရဲ့ 18A Process နည်းပညာဟာ 1.8nm Architecture ကို အခြေခံပြီး တည်ဆောက်သွားမယ့်နည်းပညာဖြစ်ပြီး လက်ရှိ စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ Chipset တွေထက် ပိုပြီး အရွယ်အစားသေးငယ်မှာဖြစ်ပါတယ်။ ဒါကြောင့် Intel ဟာ နောက်ပိုင်းမှာ ဘယ်လိုမျိုး Mobile Chipset တွေကို ထုတ်လုပ်သွားမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena