ကုမ္ပဏီကြီးတွေဟာ နောက်ထပ် နည်းပညာနယ်ပယ်သစ်ဆီတက်လှမ်းပြီး အဆင့်မြင့်ထုတ်ကုန်သစ်၊ ဈေးကွက်သစ်ဆီသွားတဲ့အခါ သိပ်ပြီးခေတ်မကျန်တော့တဲ့ လုပ်ငန်း၊ အကျိုးအမြတ်နည်းနေပြီဖြစ်တဲ့လုပ်ငန်းမျိုးကို လက်လွှဲရောင်းချတာမျိုး ပြုလုပ်လေ့ရှိပါတယ်။

အခုလည်း Intel ဟာ သူ့ရဲ့ Flash memory လုပ်ငန်း NAND ကို တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်တဲ့ SK Hynix ဆီကို ရောင်းချဖို့သဘောတူလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ SK Hynix ဟာ IP လိုင်စင်တွေအကုန်လုံးကို ပိုင်ဆိုင်မှာဖြစ်ပါတယ်။ အလားတူပဲ NAND SSD လုပ်ငန်းနဲ့ တရုတ်နိုင်ငံ Dalian မှာရှိတဲ့ စက်ရုံကိုလည်း ပိုင်ဆိုင်သွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီနှစ်ခုလုံးအနေနဲ့ ဒီလုပ်ငန်းလွှဲပြောင်းမှုအတွက် သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ခွင့်ပြုချက်ကို ၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာရဖို့ မျှော်လင့်နေကြပါတယ်။ နောက်ဆုံးအပြီးသတ် စာရင်းချုပ်ချိန်ကိုတော့ ၂၀၂၅ ခုနှစ် မတ်လအဖြစ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဒီလုပ်ငန်းလွှဲပြောင်းမှုသဘောတူညီချက်မှာ ကနဦးပေးချေမှုအဖြစ် ဒေါ်လာ ၇ ဘီလီယံကို ပေးရမှာဖြစ်ပြီး ဒီထဲမှာ NAND SSD နဲ့ဆက်စပ်တဲ့ ဉာဏပစ္စည်းမူပိုင်ခွင့်နဲ့ ဝန်ထမ်းတွေအတွက်လည်း ပါဝင်ပါတယ်။ ဒီနောက်မှာတော့ ၂ နှစ်အတွင်း NAND flash wafers နဲ့ ဒီဇိုင်းအပါအဝင်၊ R&D အင်ဂျင်နီယာတွေ၊ ဝန်ထမ်းတွေကိုလည်း ရရှိမှာဖြစ်ပါတယ်။ Intel အနေနဲ့ စက်ရုံကိုတော့ သဘောတူညီမှုနောက်ဆုံးအဆင့်ရောက်သွားချိန်ဖြစ်မယ့် နောက်ထပ် ၁၂ လအထိဆက်လက်အသုံးပြုသွားမှာဖြစ်ပါတယ်။

သဘောတူညီချက်အရ Optante လုပ်ငန်းကတော့ Intel ကပဲ ဆက်လက်ပိုင်ဆိုင်နေမှာလည်း ဖြစ်ပါတယ်။ SK Hynix အနေနဲ့ သူ့ရဲ့ Storage Solution ရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကိုလည်းမြှင့်တင်နိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ Intel ရဲ့ အမှုဆောင်အရာရှိချုပ် Bob Swan ကတော့ ဒီအရောင်းအဝယ်ဟာ ကုမ္ပဏီကို ကွဲပြားခြားနားတဲ့နည်းပညာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီးဦးစားပေးလုပ်ဆောင်လာနိုင်စေမယ်လို့ မှတ်ချက်ပေးသွားပါတယ်။

Ref: GSM Arena