စမတ်ဖုန်းစျေးကွက် သုတေသန Tool တစ်ခုဖြစ်တဲ့ Omdia Research ရဲ့ အစီရင်ခံစာအရ ပြီးခဲ့တဲ့ ၂၀၂၀ ပထမ သုံးလပတ်ကာလအတွင်းမှာ ရောင်းအားအကောင်းဆုံးဟန်းဆက်ဟာ iPhone 11 ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၂၀ ဇန္နဝါရီလကနေ မတ်လအတွင်း ကာလမှာ Apple ဟာ ၂၀၁၉ ခုနှစ်ထဲက အရှိန်ကောင်းနေတဲ့ ရောင်းအားကို ဆက်ထိန်းထားနိုင်ခဲ့ပြီး သူ့ရဲ့ စျေးပိုသက်သာလာတဲ့ စမတ်ဖုန်းသစ် iPhone 11 ဟာ စုစုပေါင်း အလုံးရေ ၁၉.၅ သန်းထိ ရောင်းချနိုင်ခဲ့တာကြောင့် ပထမနေရာကို လွတ်လွတ်ကျွတ်ကျွတ် ရယူထားခဲ့တာပါ။

မနှစ်က ရောင်းအားအကောင်းဆုံးဖြစ်တဲ့ iPhone XR ရဲ့ ရောင်းအားထက်တောင် ကျော်လွန်နေပြီဖြစ်ပြီး ၂၀၂၀ အစောပိုင်းကာလမှာ ကပ်ဘေးကျရောက်ခဲ့လို့ တင်ပို့မှုတွေနှောင့်နှေးခဲ့တာကို ထည့်တွက်ရင် တော်တော်လေး အထင်ကြီးစရာ ရလဒ်ပါ။ ဒါပေမယ့် တရုတ်ပြည်တွင်းစျေးကွက်မှာတော့ အဆိုပါကာလအတွင်းမှာ iPhone 11 တွေကို စျေးလျော့ရောင်းချမှု ပြုလုပ်ခဲ့တာတွေကြောင့်လည်း ပါမှာပါ။

ဒုတိယနေရာမှာတော့ Samsung ရဲ့ Galaxy A51 ဖုန်းက ၆.၈ သန်းနဲ့ အတော်လေးပြတ်နေတာကို တွေ့ရပြီး တတိယနေရာက Redmi Note 8 ကတော့ ၆.၆ သန်းနဲ့ ကပ်လိုက်နေပါတယ်။ Samsung နဲ့ Apple တို့ဟာ ရောင်းအားအကောင်းဆုံးဖုန်းစာရင်းမှာ လေးနေရာစီယူထားပြီး Xiaomi ကတော့ ကျန်နေတဲ့ နှစ်နေရာကို ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။

Ref – GSMArena