Samsung ဟာ သူတို့ရဲ့ Galaxy S21 စမတ်ဖုန်းသစ်တွေမှာ ကိုယ်ပိုင် OLED တွေအစား BOE OLED Panel တွေကို အသုံးပြုဦးမှာမဟုတ်ဘူးလို့ သတင်းထွက်လာပြီးနောက် Apple ဟာလည်း BOE ထုတ်ကုန်တွေကို မီးစိမ်းမပြသေးပါဘူးလို့ ထပ်ဖော်ပြလာခဲ့ပါတယ်။

အတွင်းသတင်းများအရ Apple ရဲ့ iPhone 12 စီးရီး စမတ်ဖုန်းလေးမျိုးလုံးမှာ OLED Panel တွေ အသုံးပြုလာမှာ ဖြစ်တဲ့အတွက် စုစုပေါင်းထုတ်လုပ်မှုရဲ့ 80% လောက်ကို Samsung ကနေ ရယူမှာဖြစ်တယ်လို့ ဆိုထားတာပါ။ နောက်ဆုံး ထွက်ထားတဲ့ သတင်းတစ်ခုမှာလည်း BOE ဟာ ၂၀၁၉ သြဂုတ်လထဲက နောက်ဆုံးစမ်းသပ်မှုအဆင့်ကို မအောင်မြင်သေးဘူး လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် Apple ဟာ အခုတစ်ခါမှာလည်း ဈေးပိုကြီးပြီး အရည်အသွေးပိုစိတ်ချရသေးတဲ့ Samsung ရဲ့ OLED Panel တွေကိုပဲ ဆက်သုံးလာရဦးမှာပါ။

ဒါပေမယ့် သတင်းတစ်ခုကတော့ iPhone 12 တွေရဲ့ ပထမဆုံးအသုတ် ထုတ်လုပ်မှုမှာသာ BOE Screen တွေကို မသုံးသေးတာဖြစ်တယ်လို့လည်း ပြောလာခဲ့ပါတယ်။ လာမယ့်အချိန်တိုအတွင်း BOE ဟာ Apple ရဲ့ စံနှုန်းကို မှီလာပြီး iPhone 12 Display တွေကို ထုတ်လုပ်ပေးလာနိုင်ခြေရှိနေပါသေးတယ်။

Apple ကိုယ်တိုင်လည်း အတိတ်မှာ BOE Panel တွေကို အသုံးပြုခဲ့ဖူးပြီး Apple Watch နောက်ဆုံးမော်ဒယ်မှာ LG နဲ့ BOE တို့ရဲ့ OLED Screen တွေကို သုံးစွဲခဲ့တာပါ။ မကြာခင်ထွက်လာမယ့် Series 6 မှာလည်း BOE ရဲ့ Display ကိုပဲ အသုံးပြုလာမယ်လို့ ဆိုထားပါတယ်။

Ref – GSMArena