လက်ရှိအချိန်မှာ Apple ကနေ နောက်ဆုံးထွက်ရှိထားတဲ့ iPhone 12 Series ဖုန်းတွေဟာ 5G Network ကို ပထမဆုံး Support ပြုလုပ်လာတဲ့ iPhone တွေဖြစ်ပါတယ်။ တဖက်မှာတော့ Android စမတ်ဖုန်းကုမ္ပဏီတွေဟာ ပြီးခဲ့တဲ့နှစ်ကတည်းက 5G Support ပြုလုပ်တဲ့ စမတ်ဖုန်းတွေကို ထုတ်လုပ်နေပြီးဖြစ်ပါတယ်။

ယခုနှစ်အတွက် ပထမနှစ်ဝက်မှာလည်း တကမ္ဘာလုံးမှာရှိတဲ့ 5G စမတ်ဖုန်းစျေးကွက်ကို Samsung Galaxy S20+ 5G ၊ Galaxy S20 Ultra 5G နဲ့ Galaxy S20 5G ဖုန်းတွေက အသီးသီး ပထမ၊ ဒုတိယနဲ့ တတိယနေရာတွေကို ရယူထားကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလိုမျိုး iPhone 12 Series မိတ်ဆက်ပြီးတဲ့အချိန်မှာတော့ Samsung အနေနဲ့ 5G စမတ်ဖုန်းစျေးကွက်ကို ဦးဆောင်ထားနိုင်တော့မှာမဟုတ်ပါဘူး။

ဘာကြောင့်လဲဆိုရင် လက်ရှိသုံးသပ်သူတွေက iPhone 12 Series ဖုန်းတွေက လက်ရှိရောင်းအားအကောင်းဆုံး 5G ဖုန်းတွေအဖြစ် ဒုတိယနှစ်ဝက်မှာ ရယူသွားမယ်ဆိုပြီး ခန့်မှန်းထားကြတာဖြစ်ပါတယ်။ လောလောဆယ်မှာ Apple ကနေ iPhone 12 နဲ့ iPhone 12 Pro ဖုန်းတွေကို အရင်ဆုံးရောင်းချနေပြီးတော့ ထင်ထားတာထက် ပိုမိုရောင်းချနေရတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ Galaxy Note 20 Series ဖုန်းတွေထွက်ရှိထားတယ်ဆိုပေမယ့် iPhone 12 Series ကပဲ 5G စမတ်ဖုန်းစျေးကွက်ကို ၂၀၂၀ ဒုတိယနှစ်ဝက်မှာ ရယူသွားဖွယ်ရှိနေပါတယ်။ Huawei အနေနဲ့ကတော့ Mate 40 Series ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပေမယ့် တရုတ်နိုင်ငံတွင်းမှာပဲ ရောင်းအားကောင်းနိုင်တဲ့အတွက် တကမ္ဘာလုံးအနေနဲ့ကတော့ အောင်မြင်ဖို့ ခက်ခဲနေဦးမှာပါ။

Ref – Gizmo China