Apple ဟာ iPhone 12 တွေကို အလုံးလိုက်အရင်းလိုက် ထုတ်လုပ်ဖို့ တွန်းအားပေးခဲ့ပေမယ့် ခန့်မှန်းချက်အရ ၂၀၂၀ ရဲ့ Flagship iPhone တွေဟာ ပုံမှန်ထက် နောက်ကျပြီးမှ ဖြန့်ချိနိုင်မယ်လို့ သိရပါတယ်။ Wall Street Journal ရဲ့ ရေးသားဖော်ပြချက်အရ iPhone 12 တွေဟာ အောက်တိုဘာလကုန်လောက်မှ ဈေးကွက်ထဲရောက်ဖွယ်ရှိကြောင်း သိရပါတယ်။

ကနဦးသတင်းတွေမှာတော့ iPhone 12 တွေဟာ ပုံမှန်အချိန်အတိုင်း ထွက်လာမယ်လို့ အခိုင်အမာရေးသားဖော်ပြခဲ့ကြပေမယ့် နှောင့်နှေးမယ်ဆိုတဲ့ သတင်းက ပိုပြီးအားသာတယ်လို့ ဆိုရမှာပါ။ Wall Street Journal ရဲ့ ရေးသားဖော်ပြချက်မတိုင်မီ တစ်ပတ်လောက်ကတည်းက Apple ရဲ့ အတွင်းသတင်းတွေကို အစဉ်အမြဲဖောက်သည်ချလေ့ရှိတဲ့ Ming-Chi Kuo က iPhone 12 ထုတ်လုပ်မှုဟာ တစ်လခန့် နှောင့်နှေးသွားမယ်လို့ ရေးသားဖော်ပြခဲ့ပါသေးတယ်။

Wall Street Journal ရဲ့ ဖော်ပြချက်မှာ Apple ဟာ ဇူလိုင်ကနေ နှစ်ကုန်ပိုင်းထိ တည်ဆောက်ရေးခန့်မှန်းချက်ကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်း တွေ့မြင်ရပါတယ်။ Apple အနေနဲ့ ဒီနှစ်အတွက် iPhone သစ်ကို စတင်မိတ်ဆက်သွားခဲ့ပြီဆိုပေမယ့် iPhone 12 တွေကသာ အမှတ်တံဆိပ်ရဲ့ အားစိုက်ထားတဲ့ ထုတ်ကုန်သစ်စစ်စစ်လို့ ဆိုရပါလိမ့်မယ်။

iPhone 12 တွေကလည်း လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က ထုတ်ခဲ့တဲ့ iPhone X ပြီးတဲ့နောက် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုကို ပြန်လည်မြင်တွေ့နိုင်မယ့် ထုတ်ကုန်တွေဆိုရင်လည်း မမှားပါဘူး။ iPad Pro ရဲ့ ဒီဇိုင်းအယူအဆလည်း လွှမ်းမိုးမှာဖြစ်သလို အနားစွန်းတွေနဲ့ ကိုယ်ထည်တည်ဆောက်ပုံကလည်း ကွဲပြားမှာ ဖြစ်ပါတယ်။

iPhone 12 တွေကို အရွယ်အစားအားဖြင့် 5.4-inch, 6.7-inch နဲ့ 6.1-inch ဆိုပြီး အရွယ်အစားသုံးမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ 5G ချိတ်ဆက်မှုအတွက်လည်း ထောက်ပံ့လာမှာဖြစ်ပြီး Pro မော်ဒယ်မှာ LiDAR-assisted ကင်မရာလည်း ပါဝင်လာမယ်လို့ သိရပါတယ်။ TSMC ရဲ့ process ကို အခြေခံထားတဲ့ 5nm Apple A14 chip အသစ်ကလည်း ဘယ်လိုစွမ်းဆောင်ရည်တွေကို ယူဆောင်လာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။

Ref: GSM Arena