အခြားကုမ္ပဏီတွေကို အစိတ်အပိုင်းတွေထောက်ပံ့ပေးတာကလည်း Samsung ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့အစိတ်အပိုင်းအဖြစ် ပါဝင်နေပါတယ်။ မိုလ်ဘိုင်း OLED panel တွေနဲ့ပတ်သက်လာရင် အခုအချိန်အထိ Samsung ရဲ့ အရည်အသွေးနဲ့ ထုတ်လုပ်နိုင်စွမ်းကို ယှဉ်နိုင်တဲ့ကုမ္ပဏီ မရှိသေးဘူးလို့ ဆိုရမှာပါပဲ။

Apple ဟာ သူ့ရဲ့ iPhone တွေအတွက် OLED panel တွေကို Samsung ဆီကနေ ဝယ်ယူနေရတာ အံ့သြစရာမဟုတ်သလို၊ ဈေးကွက်ပြိုင်ဆိုင်မှုကြီးမားတဲ့ဒီကုမ္ပဏီနှစ်ခုကြားမှာ အပြန်အလှန်မှီခိုကြရတဲ့ဆက်ဆံရေးရှိနေတာကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါဟာ စီးပွားရေးလုပ်ငန်းကြီးတွေကြားက အခြေခံသဘောတရားတစ်ခုလည်း ဖြစ်ပါတယ်။

Samsung Display ဟာ ၂၀၂၁ ခုနှစ် တတိယသုံးလပတ်အတွက် OLED တင်ပို့မှုမှာ သိသိသာသာတိုးတက်လာတာကို တွေ့မြင်ရပါတယ်။ iPhone 13 ဖြန့်ချိလိုက်တာကလည်း ဒီတိုးတက်မှုနဲ့ ဆက်စပ်နေပါတယ်။ UBI Research ရဲ့ အချက်အလက်တွေအရ Samsung ဟာ ဒီနှစ်တတိယသုံးလပတ်မှာ OLED panel ၁၂၄.၇၆ သန်းတင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။ ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်ရဲ့ တင်ပို့ရမှုနဲ့ယှဉ်ရင် ၂၄.၆% တိုးတက်လာတာလည်း ဖြစ်ပါတယ်။

Mid-range နဲ့ Low-end စမတ်ဖုန်းတွေအတွက် OLED panels အရေအတွက်ဟာ စုစုပေါင်းတင်ပို့ရောင်းချမှုပမာဏရဲ့ ၅၀.၂% (ယူနစ်ပေါင်း ၆၂.၆၃ သန်း) ရှိပါတယ်။ Samsung ရဲ့ High-end ဖုန်းတွေနဲ့ Apple ရဲ့ iPhone တွေမှာသုံးတဲ့ Flexible OLED panels တွေကတော့ စုစုပေါင်းတင်ပို့ရောင်းချမှုရဲ့ ၄၆.၆% (ယူနစ်ပေါင်း ၅၈.၂ သန်း) ရှိပါတယ်။ ဒီထဲကမှ ယူနစ်ပေါင်း ၃၈.၃၁ သန်းဟာ Apple အတွက် တင်ပို့ခဲ့ရတာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်တုန်းကထက် နှစ်ဆနီးပါးမြင့်တက်သွားတာ ဖြစ်ပါတယ်။

Samsung Display ဟာ Foldable OLED panel ပေါင်း ၃.၉၃ သန်း တင်ပို့ရောင်းချခဲ့ပြီး ဒါဟာ စုစုပေါင်းတင်ပို့ရောင်းချရမှုရဲ့ ၃.၂% ကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့ ဒီ Panels အများစုဟာ Samsung Electronic ရဲ့ Galaxy Z Fold 3 နဲ့ Galaxy Z Flip 3 အတွက်သာ ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီဟာ အနာဂတ်မှာလည်း သူ့ရဲ့ Foldable OLED panel တွေကို ပိုပြီးတင်ပို့ရောင်းချနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

Ref: SAMMOBILE