Analyst Daniel Ives ရဲ့ မှတ်စုကို ကိုးကားပြီး MacRumors ကဖော်ပြတဲ့သတင်းအရ Apple ဟာ iPhone 13 တွေကို လာမဲ့စက်တင်ဘာလ တတိယပတ်တွင်းမှာ ကြေညာမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ ကမ္ဘာ့ကပ်ရောဂါကြောင့် iPhone 12 တွေရဲ့ မိတ်ဆက်ချိန်ကို ရွှေ့ဆိုင်းခဲ့ရဖူးပါတယ်။
ဒီနှစ်မှာတော့ အမေရိကန်နည်းပညာကုမ္ပဏီကြီးဟာ ပုံမှန်မိတ်ဆက်နေကျအချိန်ဆီပြန်သွားမယ်လို့ သတင်းအတော်များများကလည်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။ များသောအားဖြင့် iPhone သစ်ကြေညာမှုကို စက်တင်ဘာလ ၇ ရက်၊ ၁၄ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ပြုလုပ်လေ့ရှိပါတယ်။ ဒါကြောင့် စက်တင်ဘာလ ၂၁ ရက်နေ့မှာ iPhone 13 တွေကို ကြေငြာလာမယ်လို့ မျှော်လင့်ရပါတယ်။
Apple ဟာ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်အတွင်းမှာ iPhone ယူနစ်ပေါင်း သန်း ၁၃၀ ကနေ သန်း ၁၅၀ ကြား ထုတ်လုပ်ဖွယ်ရှိပြီး၊ ဒီထဲကမှ ၃၅% ကနေ ၄၅% ကြားဟာ iPhone 13 တွေဖြစ်မယ်လို့ Ives က မျှော်လင့်ထားပါတယ်။ ဒါ့အပြင် iPhone 13 မော်ဒယ်တွေထဲမှာ 1TB storage option လည်း ပါဝင်မယ်လို့ ထည့်သွင်းပြောဆိုထားပါသေးတယ်။ ဒီပမာဏဟာ လက်ရှိ Lineup ရဲ့ အများဆုံးသိုလှောင်မှုပမာဏ နှစ်ဆဖြစ်ပါတယ်။
Bloomberg ရဲ့ Mark Gurman ကတော့ iPhone သစ်တွေနဲ့ပတ်သက်ရင် ကြီးမားတဲ့ပြောင်းလဲမှုကို မမျှော်လင့်ထားဖို့ သတိပေးသွားပါတယ်။ ကနဦးသတင်းတွေအရလည်း iPhone 13 တွေဟာ လက်ရှိဗားရှင်းတွေနဲ့ အရွယ်အစားကွာဟမှုမရှိဘဲ Notch သေးငယ်သွားပြီး ကင်မရာပိုင်းနဲ့ လုပ်ဆောင်မှုစွမ်းရည်တွေ တိုးတက်ပြောင်းလဲလာတာပဲရှိတာကို သိနိုင်ပါတယ်။
အတည်ပြုလို့မရသေးတဲ့ ကောလာဟလတွေအရဆိုရင် iPhone 13 တွေမှာ Portrait video model, ဗီဒီယိုရိုက်ကူးမှုအတွက် အရည်အသွေးပိုမြင့်တဲ့ ProRes format, filters-like system စတာတွေ ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။ Pro မော်ဒယ်တွေမှာ Autofocus ပါဝင်တဲ့ 6-element Ultrawide lens ပါဝင်မယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက 5nm+ A15 Bionic chip ဖြစ်ပါတယ်။
Pro မော်ဒယ်တွေဟာ ပိုပြီးမြန်ဆန်တဲ့ 120Hz refresh rate နဲ့ Always-on screen တွေ ထောက်ပံ့ထားမယ်လို့ သိရပါတယ်။ ပိုကြီးတဲ့ဘက်ထရီပမာဏနဲ့ ပိုမြန်တဲ့အားသွင်းစနစ်ကိုလည်း မျှော်လင့်နိုင်ပါသေးတယ်။ မော်ဒယ်သစ်အားလုံးမှာ ပိုကောင်းမွန်တဲ့ AR အတွေ့အကြုံအတွက် LIDAR sensors တွေပါဝင်ပြီး အလင်းရောင်အားနည်းလွန်းတဲ့နေရာတွေမှာ ပိုပြီးကောင်းမွန်တဲ့ Autofocus ကို ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။
Ref: Phone Arena