အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်နောက်မှာ ရိုက်ခတ်မှုအဖြစ် Apple ရဲ့ iPhone 14 က ခံရတော့မယ်လို့ ဆိုပါတယ်။ ပလိုစီရဲ့ ခရီးစဉ်နဲ့ iPhone 14 က ဘယ်လိုဆက်စပ်လဲလို့ မေးကောင်းမေးနိုင်ပါတယ်။ ပြဿနာက CCP ရဲ့ မူဝါဒအပြောင်းအလဲကြောင့်ပါ။

အားလုံးသိကြတဲ့အတိုင်း Apple ဟာ TSMC ရဲ့ ထိပ်တန်းဖောက်သည် တစ်ဦးပါ။ ကုမ္ပဏီဟာ iPhone တွေတပ်ဆင်နေတဲ့ တရုတ်နိုင်ငံက Pegatron ကို Chip တွေ ပေးပို့ပါတယ်။ ပလိုစီ ထိုင်ဝမ်ကိုသွားပြီးတဲ့နောက်မှာတော့ CCP က တင်ပို့တဲ့စာရွက်စာတမ်းတွေမှာ “ထိုင်ဝမ်” ဒါမှမဟုတ် “တရုတ်ပြည်သူ့သမ္မတနိုင်ငံ” ဘာတစ်ခုကိုမှ ရည်ညွှန်းခြင်းမပြုဖို့ တားမြစ်လိုက်တာပါပဲ။

CCP ရဲ့ စည်းမျဉ်းအသစ်ကြောင့် တချို့သော Hardware တွေကို ထိုင်ဝမ်ဆီပြန်ပို့နိုင်ပြီး အားလုံးမဟုတ်ပေမဲ့ iPhone 14 ထုတ်လုပ်မှုကိုတော့ နှောင့်နှေးစေနိုင်တဲ့ အခြေအနေတစ်ရပ်ဆီ ရောက်ရှိသွားနိုင်တာ ဖြစ်ပါတယ်။ ပိုဆိုးတာက Pegatron ရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ TSMC က ထိပ်တန်းအမှုဆောင်အရာရှိတွေဟာ ပလိုစီနဲ့ တွေ့ခဲ့တာပါပဲ။

ဒါဟာ Apple နဲ့ တခြားအမေရိကန်အခြေစိုက် ကုမ္ပဏီတွေအနေနဲ့ အစပြုလာတဲ့ CCP နဲ့ ထိုင်ဝမ်ကြားက ကုန်သွယ်ရေးစစ်ပွဲရဲ့အလယ်မှာ ပိတ်မိသွားတာလည်း ဖြစ်လာနိုင်ပါတယ်။ Apple ကတော့ သူ့ရဲ့ ထိုင်ဝမ်လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆွေးနွေးနေပြီဖြစ်ပြီး “Made in Taiwan” ဒါမှမဟုတ် “Republic of China” နဲ့ တံဆိပ်တပ်ထားတာအားလုံးကို ဖယ်ရှားဖို့၊ ဒါမှမဟုတ် အစားထိုးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

Ming-Chi Kuo ရဲ့ သတင်းရင်းမြစ်တွေကတော့ 6.1-inch iPhone 14 အချို့ဟာ Foxconn ရဲ့ အိန္ဒိယစက်ရုံကနေ ထွက်လာမယ်ဆိုရင် အံ့သြစရာမရှိဘူးလို့ ဆိုလိုက်ပါတယ်။ ဒီတစ်ကြိမ်ဟာ iPhone 14 အတွက်လည်း ပြဿနာဖြစ်လာနိုင်သလို ကင်မရာမှန်ဘီလူးတွေနဲ့ မျက်နှာပြင်အရည်အသွေးပိုင်းထုတ်လုပ်ရေးဆိုင်ရာ ပြဿနာအချို့ရှိနေတယ်လို့ ကောလာဟလထွက်နေတဲ့ iPhone 14 Pro Max အတွက်လည်း ပြဿနာဖြစ်လာနိုင်ပါတယ်။

Ref: GSM Arena