Apple က iPhone နဲ့ iPad အသုံးပြုသူတွေအတွက် အလွန်အရေးကြီးတဲ့ လုံခြုံရေးအားနည်းချက်တစ်ခုကို ပြင်ဆင်ထားတဲ့ iOS 18.6 နဲ့ iPadOS 18.6 update ကို ဩဂုတ်လ ၁၄ ရက်နေ့မှာ အရေးပေါ် ဖြန့်ချိလိုက်ပါတယ်။ ဒီအားနည်းချက်ကို ဟက်ကာတွေက လက်တွေ့မှာ အသုံးချတိုက်ခိုက်နေလောက်ပြီလို့ ယူဆရတဲ့အတွက် သုံးစွဲသူအားလုံး ချက်ချင်း update ပြုလုပ်ကြဖို့ ကုမ္ပဏီက အလေးအနက် တိုက်တွန်းထားပါတယ်။

Is iOS 18.6 the Update Your iPhone Really Needs? | 01

ဒီအားနည်းချက်ဟာ စက်ရဲ့အဓိကစနစ်ဖြစ်တဲ့ Kernel မှာ တိုက်ရိုက်သက်ရောက်မှုရှိပြီး ဟက်ကာတွေအနေနဲ့ အသုံးပြုသူရဲ့ ခွင့်ပြုချက်မလိုဘဲ စက်အတွင်းကို ထွင်းဖောက်ဝင်ရောက်ပြီး ထိန်းချုပ်ခွင့်တွေ ရရှိသွားနိုင်စေတယ်လို့ သိရပါတယ်။ “Zero-day” လို့ခေါ်တဲ့ ဒီလိုအားနည်းချက်မျိုးဟာ Apple ဘက်က မပြုပြင်ခင်ကတည်းက တိုက်ခိုက်သူတွေက သိရှိပြီး အသုံးချနေတာမျိုး ဖြစ်နိုင်တဲ့အတွက် အန္တရာယ်အလွန်ကြီးမားတယ်လို့ သတ်မှတ်ကြပါတယ်။

ဒီလုံခြုံရေးအားနည်းချက်ကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကတော့ အတော်လေးကို စိုးရိမ်စရာကောင်းပါတယ်။ ဟက်ကာတွေ ဖန်တီးထားတဲ့ အန္တရာယ်ရှိ ဝက်ဘ်ဆိုက်တစ်ခုခုကို ဝင်ရောက်ကြည့်ရှုလိုက်ရုံနဲ့ အသုံးပြုသူရဲ့ Device တစ်ခုလုံး ထိန်းချုပ်ခံရနိုင်ပါတယ်။ အဲဒီလိုဖြစ်သွားခဲ့ရင် စကားဝှက် (Passwords) တွေ၊ မက်ဆေ့ချ်တွေ၊ ဓာတ်ပုံတွေနဲ့ အရေးကြီးဖိုင်တွေလို ကိုယ်ရေးကိုယ်တာ အချက်အလက်တွေအားလုံး ခိုးယူခံရနိုင်ပါတယ်။ ဒါ့အပြင် အသုံးပြုသူမသိလိုက်ဘဲ ဖုန်းထဲကို သူလျှိုဆော့ဖ်ဝဲ (Spyware) တွေ ဒါမှမဟုတ် မဲလ်ဝဲ (Malware) တွေ ထည့်သွင်းခံရပြီး အချိန်ကြာမြင့်စွာ အချက်အလက်ခိုးယူခံရနိုင်တဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။

ဒီလုံခြုံရေးပြဿနာကို ဖြေရှင်းဖို့အတွက် Apple က iOS 18.6 နဲ့ iPadOS 18.6 ကို တရားဝင်ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ ဒီ update ကို iPhone XS နဲ့ နောက်ပိုင်းထွက် iPhone မော်ဒယ်တွေအားလုံး၊ iPad Pro မော်ဒယ်အများစု၊ iPad Air (တတိယမျိုးဆက်နဲ့အထက်)၊ iPad (ပဉ္စမမျိုးဆက်နဲ့အထက်) နဲ့ iPad mini (ပဉ္စမမျိုးဆက်နဲ့အထက်) တို့မှာ ရယူနိုင်ပြီဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ မိမိတို့ရဲ့  Device တွေမှာ Settings > General > Software Update ကဏ္ဍကိုသွားပြီး အလွယ်တကူ update ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

Ref: Nation Thailand