Apple ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ခေါက်ဖုန်း iPhone Fold ဟာ ဒီနှစ်ကုန်ပိုင်းလောက်မှာ ထွက်ရှိလာတော့မှာ ဖြစ်ပြီး Android ခေါက်ဖုန်းတွေနဲ့ လုံးဝမတူကွဲပြားတဲ့ ပုံစံသစ်ကို မြင်တွေ့ရမှာပါ။ ဒီနေ့ တရုတ်သတင်းရပ်ကွက်က ထွက်ပေါ်လာတဲ့ ကောလာဟလအသစ်အရဆိုရင် ဒီဖုန်းမှာ Apple စမတ်ဖုန်းသမိုင်းတစ်လျှောက် အကြီးမားဆုံး ဘက်ထရီ ပါဝင်လာမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက ဘက်ထရီပမာဏဟာ 5,400 mAh နဲ့ 5,800 mAh ကြား ရှိမယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် နောက်ဆုံးသတင်းအရတော့ 5,500 mAh အထိ ပါဝင်လာဖို့ ရှိနေပါတယ်။ ဒါဟာ လက်ရှိ ဘက်ထရီအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ eSIM သီးသန့် iPhone 17 Pro Max ထက်တောင် ၁၀ ရာခိုင်နှုန်းနီးပါး ပိုများနေတာပါ။ Android ထက် စွမ်းအင်သုံးစွဲမှု ပိုသက်သာတဲ့ iOS စနစ်နဲ့သာ တွဲဖက်လိုက်မယ်ဆိုရင် iPhone Fold ရဲ့ ဘက်ထရီသက်တမ်းဟာ ပြိုင်ဘက်တွေ လိုက်မမီနိုင်လောက်အောင် ကြာရှည်ခံမှာ ဖြစ်ပါတယ်။

တခြား Specs တွေအနေနဲ့ A20 Pro Chipset နဲ့ RAM 12GB ကို အသုံးပြုထားပြီး၊ ၇.၈ လက်မရှိတဲ့ အတွင်းဘက် မျက်နှာပြင်နဲ့ ၅.၅ လက်မ အပြင်ဘက် မျက်နှာပြင်တို့ ပါဝင်ပါမယ်။ ကင်မရာပိုင်းမှာတော့ ကျောဘက်မှာ 48MP ကင်မရာ ၂ လုံးနဲ့ ဆဲလ်ဖီအတွက် 18MP ကင်မရာ ၂ လုံး ထည့်သွင်းပေးထားမယ်လို့ သတင်းထွက်နေပါတယ်။
Ref : gsmarena