လက်ရှိအချိန်မှာ Android စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ကိုယ်ပိုင် စမတ်ဖုန်းတွေကို မျိုးစုံထုတ်လုပ်နေသလို Flagship ၊ Mid Range ၊ Budget စသဖြင့် အတန်းအစားမျိုးစုံရွေးချယ်နိုင်ပြီဖြစ်ပါတယ်။ တဖက်မှာတော့ Apple အနေနဲ့ ယခုနှစ်မှာ iPhone အသစ်တွေကို မိတ်ဆက်ပေးခြင်းမရှိသေးဘဲ မနှစ်တုန်းက iPhone 12 Series နဲ့ iPhone SE (2020) လိုမျိုး ဖုန်းတွေကိုပဲ ဆက်လက်ရောင်းချနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple ရဲ့ iPhone ရောင်းအားဟာ ယခုနှစ်မှာ ကြောက်ဖို့ကောင်းလောက်အောင် တိုးတက်နေပြီးတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းက iPhone 12 Series ကိုပဲ အလုံးရေ သန်း ၁၀၀ အထိ ရောင်းချထားပြီးဖြစ်ပါတယ်။ အခုနောက်ဆုံး IDC ရဲ့ ပြောကြားချက်အရလည်း Apple ဟာ ယခုနှစ် စမတ်ဖုန်းလောကကို လုံးဝ အနိုင်နဲ့ပိုင်းချသွားဖို့များနေပါပြီ။

ဘာကြောင့်လဲဆိုရင် IDC ရဲ့ ခန့်မှန်းချက်အရ ယခုနှစ်မှာ စမတ်ဖုန်းရောင်းချရနှုန်းဟာ မနှစ်တုန်းကထက် ၇.၄ ရာခိုင်နှုန်းခန့်ပဲ တိုးတက်မှာဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာ Android ဖုန်းတွေရဲ့ ရောင်းအားဟာ ခန့်မှန်းရောင်းအားတိုးတက်မှုနှုန်းထက် နည်းပါးနေပြီး ၆.၂ ရာခိုင်နှုန်းပဲရှိနေတာဖြစ်ပါတယ်။

အခုလိုမျိုး Android ဖုန်းတွေဟာ ရောင်းအားထင်သလောက်မတိုးတက်ပေမယ့် တဖက်မှာတော့ Apple iPhone တွေရဲ့ ရောင်းအားဟာ မနှစ်တုန်းကထက် ၁၃.၈ ရာခိုင်နှုန်းအထိ တိုးတက်နေပြီဖြစ်ပါတယ်။ အခုပမာဟာ Android ရဲ့ ရောင်းအားတိုးတက်မှုနှုန်းထက် ၂ ဆခန့် ပိုများနေတာဖြစ်ပြီး iPhone 13 Series မိတ်ဆက်ပြီးတဲ့အချိန်ကြရင် ပိုပြီးတောင် ရောင်းအားတက်လာဦးမှာဖြစ်ပါတယ်။

Apple ဟာ ယခုနှစ်မကုန်ခင်မှာiPhone 13 Series စမတ်ဖုန်းတွေကို အလုံးရေ သန်း ၁၃၀ ကနေ သန်း ၁၅၀ အထိရောင်းချနိုင်ဖို့ ခန့်မှန်းထားတာဖြစ်ပြီး ယခုနှစ်ရဲ့ စျေးကွက်ပထမနေရာကို ရယူထားနိုင်ဖို့ကတော့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။

Ref – 9to5Mac