Apple iPhone တွေဟာ စွမ်းရည်မြင့်မားပြီး တည်ဆောက်မှု အရည်အသွေး ကောင်းကြပါတယ်။ iPhone တွေရဲ့ မာကျောတဲ့ ဂုဏ်သတင်းများစွာ ကြားသိခဲ့ရပြီးပြီ ဖြစ်ပြီး အခုလည်း ရုရှားနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ယူကရိန်း စစ်သား ၁ ယောက်ရဲ့ အသက်ကို iPhone ၁ လုံးက ကယ်တင်လိုက်နိုင်ပါတယ်။

Apple Watch တွေဟာ အရေးပေါ် ဖုန်းခေါ်ဆိုခြင်း၊ ကျန်းမာရေးဖောက်ပြန်လာရင် Message တွေနဲ့ ပိုင်ရှင်ကို သတိပေးခြင်းဖြင့် လူ့အသက်တွေကို ကယ်တင်နေပါတယ်။ အခု ဖြစ်ရပ်မှာတော့ iPhone 11 Pro ဟာ ယူကရိန်း စစ်သားရဲ့ ဘော်ဒီဂတ် ၁ ယောက်လို အသုံးတော်ခံသွားပါတယ်။ ဧပြီလတုန်းကလည်း Android ဖုန်း ၁ လုံးဟာ စစ်သား ၁ ယောက်ရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပါတယ်။

iPhone

Reddit မှာ မျှဝေထားတဲ့ ဗီဒီယိုမှာ ယူကရိန်း စစ်သားဟာ ကျောပိုးအိတ်ထဲက iPhone ကို ထုတ်လိုက်ပါတယ်။ ဗီဒီယိုမှာ ပျက်ဆီးသွားတဲ့ ဖုန်းကို အသားပေး ပြသထားပြီး ကျည်ဆန်ဟာ ဖုန်းမှာ စိုက်ဝင်နေတာ မြင်ရပါတယ်။ iPhone 11 Pro ဟာ ကျည်ကာလိုတောင် အသုံးပြုနိုင်တယ်လို့ ပြောနိုင်ပြီး Corning Glass နဲ့ Stainless Steel ကိုယ်ထည်တွေ တပ်ဆင်ထားပါတယ်။ Drop Test များစွာမှာ အရမ်း မာကျောတာကို သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

စမတ်ဖုန်းတွေဟာ ကျည်ဆန် ကာကွယ်ရုံတင် မကဘဲ စစ်ပွဲတွေမှာ များစွာ အသုံးဝင်နေပါတယ်။ ယူကရိန်း စစ်သားတွေရဲ့ ဖုန်းတွေဟာ ရုရှားတွေ ဗုံးကြဲပြီဆိုရင် သတိပေးချက်တွေ ပြသပေးနိုင်ပါတယ်။ ယူကရိန်း စစ်သား တချို့ဟာ Apple ရဲ့ Find My iPhone ကို အသုံးချနေကြပါတယ်။ ဘယ်လို အသုံးချသလဲဆို‌တော့ ရုရှားတွေ ယူကရိန်း ပြည်သူတွေရဲ့ နေအိမ်က ဖုန်းတွေကို ခိုးယူပြီးနောက်မှာ Find My iPhone နဲ့ ရုရှား စစ်သားတွေရဲ့ တည်နေရာကို ခြေရာခံတာပါ။

Ref : gizchina