Vivo iQOO 3 5G ဟာ အခုလအတွင်းမှာ အားလုံးမျှော်လင့်နေကြတဲ့ စွမ်းအားမြင့်ဖုန်းတွေထဲက တစ်လုံးဖြစ်ပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ မိတ်ဆက်သွားမယ်လို့ ကြေညာထားပြီးသားပါ။ ယနေ့မှာတော့ မကြေညာရသေးတဲ့ iQOO 3 5G အတွက် Promo Page တစ်ခု အွန်လိုင်းပေါ်မှာ အသက်ဝင်လာခဲ့ပါပြီ။

ဒီဖုန်းဟာ မကြာသေးခင်ကမှ AnTuTu ဆိုက်ပေါ်မှာ အစမ်းသပ်ခံခဲ့သေးပြီး စုစုပေါင်းရမှတ် 597,583 ရရှိခဲ့လို့ လက်ရှိမှာ Benchmark ရလဒ်အများဆုံး စမတ်ဖုန်းဖြစ်လာပြီးနောက် ပိုလို့တောင် စိတ်ဝင်စားခံလာခဲ့ရပါတယ်။

ထွက်ခါနီး စမတ်ဖုန်းတွေရဲ့ထုံးစံအတိုင်း Specs တွေ ဟိုတစ်စဒီတစ်စ ထွက်ပေါ်ပြီးသားဖြစ်တာကြောင့် ဘာတွေ မျှော်လင့်ထားရမလဲ ဆိုတာကိုလည်း အကြမ်းဖျင်းသိထားရပြီးသားပါ။ ဒီဖုန်းမှာ နောက်ဆုံးပေါ် Snapdragon 865 ချစ်ပ်ဆက်နဲ့အတူ 256GB UFS 3.1 Storage / 12GB LPDDR5 RAM မန်မိုရီတွေကို အသုံးပြုလာမှာဖြစ်ပါတယ်။

ရှေ့ဘက်မှာ Punch-hole စတိုင်လ် Display ကိုပဲအသုံးပြုလာမှာဖြစ်ကာ 6.4” FHD+ AMOLED Display လို့ မျှော်မှန်းရပါတယ်။ အခုထွက်ပေါ်လာတဲ့ Promo Page ဟာ အိန္ဒိယ အွန်လိုင်းအရောင်းဆိုက်တစ်ခုဖြစ်တဲ့ Flipkart ကနေ တင်လာခဲ့တာဖြစ်ပြီး ထွက်ရှိရက်နဲ့ Specs တွေကို ထပ်မံအတည်ပြုပေးနိုင်ခဲ့ပါတယ်။

လက်မြန်ခြေမြန်နဲ့ မိတ်ဆက်ပြီး ဈေးကွက်ထဲဖြန့်ချိလာမယ့် iQOO 3 5G ဖုန်းဟာ ထွက်ရှိလာချိန်မှာ အိန္ဒိယနိုင်ငံတွင်း ပထမဆုံးရောင်းချနိုင်တဲ့ Snapdragon 865 သုံးဟန်းဆက်ဖြစ်လာမယ့်အပြင် ပထမဆုံး ဈေးကွက်ထဲ ဖြန့်ချိလာတဲ့ 5G စမတ်ဖုန်းဆိုလည်း ဟုတ်ပါတယ်။ စွမ်းအားမြင့်ဖုန်းတစ်လုံးဖြစ်တာနဲ့အညီ ဘက္ထရီပိုင်းမှာလည်း ပြင်ဆင်လာပြီး 4,400 mAh ဘက္ထရီကြီးကို 55W Fast Charging နဲ့တွဲဖက်လာမှာပါ။

Ref – GSM Arena