စွမ်းဆောင်ရည်မြင့် ဟန်းဆက်တွေကိုပဲ ရည်ရွယ်ထုတ်လုပ်တဲ့ iQOO ဟာ သူတို့ရဲ့ Flagship စီးရီးအသစ်အဖြစ် iQOO 5 နဲ့ iQOO 5 Pro တို့ကို မိတ်ဆက်လိုက်ပါတယ်။

ဒီဖုန်းနှစ်လုံးဟာ အတော်လေးဆင်တူပေမယ့် Pro ဗားရှင်းမှာ 120W အားသွင်းစနစ်နဲ့ Periscope Lens တစ်ခုတို့ အပိုပါဝင်လာပါတယ်။ ဒါ့အပြင် Pro ဗားရှင်းမှာ BMW M Motorsports နဲ့ ပူးပေါင်းမှုအဖြစ် Carbon Black စတိုင်နဲ့ အဖြူရောင် လည်သာ နောက်ကျောမှာ BMW ရဲ့ အပြာနဲ့အနီ အစင်း ပုံစံဒီဇိုင်းတို့ကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။

iQOO 5 မိသားစုဝင် ဟန်းဆက်နှစ်မျိုးလုံးမှာ 6.56” လက်မအရွယ် Curved AMOLED Display တွေပါဝင်ပြီး Refresh Rate ကလည်း 120Hz ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်ဘက်မှာ 16MP ဆဲလ်ဖီးကင်မရာအတွက် Punch-hole ကိုယ်စီ ပါဝင်တယ်။

Pro မော်ဒယ်ပေါ်က Curved စတိုင်ဟာ ရိုးရိုး Vanilla မော်ဒယ်ထက်လည်း သိသာထင်ရှားပါတယ်။ Touch Sampling 240Hz အသုံးပြုနိုင်ပြီး Brightness အမြင့်ဆုံး 1,300 Nits ထိ ရရှိနိုင်ကာ Fingerprint Reader တွေကိုလည်း In-display ပဲ ထည့်သွင်းလာပါတယ်။

iQOO 5 ရဲ့ နောက်ဘက်ကင်မရာအတွဲက 50MP Samsung GN1 Sensor ကို အခြေခံထားပြီး 13MP Ultrawide + 13MP Portrait Lens တွေနဲ့ ဝန်းရံထားပါတယ်။ 5 Pro မှာလည်း 50MP အဓိက Sensor နဲ့ Ultrawide Lens တို့ ဆက်ထည့်သွင်းထား ပေမယ့် 5X Optical Zoom နဲ့ 60x Hybrid Zoom ထိ ရရှိနိုင်တဲ့ 8MP Periscope Lens တစ်ခုကို အပြောင်းအလဲအဖြစ် မြင်ရမှာပါ။

အတွင်းပိုင်းမှာ Snapdragon 865 ချစ်ပ်ဆက်ကို 8GB / 12GB LPDDR5 RAM နဲ့ 128GB / 256GB UFS 3.1 Storage တို့နဲ့ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် CPU ရဲ့အပူချိန်ကို ၁၂ ဒီဂရီ ဆယ်လ်စီးယပ်ထိ လျော့ချပေးနိုင်တယ် ဆိုတဲ့ VC Heat Sink လည်း ပါဝင်တယ်။

ဘက္ထရီနဲ့ အားသွင်းစနစ်ပိုင်းက ပိုစိတ်ဝင်စားစရာကောင်းပြီး iQOO 5 Pro ဟာ 4,000 mAh ဘက္ထရီကို 120W Flash Charge အားသွင်းစနစ် အသစ်စက်စက်နဲ့ ထွက်လာတာပါ။ iQOO ရဲ့ဖော်ပြချက်အရ ဒီအားသွင်းစနစ်ဟာ ဘက္ထရီအား ၅၀% ကို ၅ မိနစ်နဲ့ ဖြည့်ပေးနိုင်ပြီး အားအပြည့်သွင်းဖို့ ၁၅ မိနစ်သာ ကြာမှာ ဖြစ်ပါတယ်။ ဒီလို မြန်ဆန်တဲ့ အားသွင်းစနစ်ကြောင့် ဖြစ်ပေါ်လာမယ့် အပူချိန်ကို လျော့ချပေးဖို့နဲ့ Sensor စနစ်တွေလည်း ထည့်သွင်းထားပါတယ်။

iQOO 5 ရိုးရိုးမှာ ပိုကြီးတဲ့ 4,500 mAh ဘက္ထရီ ပါဝင်ပေမယ့် အားသွင်းစနစ်ကတော့ 55W Flash Charge သာ ဖြစ်ပြီး အားအပြည့်ဝင်ဖို့ မိနစ် ၅၀ လောက် ကြာမှာပါ။ ဖုန်းနှစ်လုံးစလုံးမှာ Android 10 အခြေခံ iQOO UI 1.5 နဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။

iQOO 5 ဖုန်းကို Blue နဲ့ Gray ကာလာတို့ဖြင့် ရောင်းချလာမှာဖြစ်ပြီး အခြေခံ 8/128GB ဗားရှင်းအတွက် တရုတ်ယွမ် ၃၉၉၈ (မြန်မာငွေ ၇ သိန်း ၈ သောင်းကျော်) ကျသင့်ကာ အမြင့်ဆုံး 12/256GB အတွက် ယွမ် ၄၅၉၈ (ကျပ်ကိုးသိန်း) သတ်မှတ်ထားပါတယ်။

iQOO 5 Pro ကတော့ အပေါ်မှာ ပြောခဲ့သလို Track Version နဲ့ Legendary Edition ကာလာနှစ်မျိုးဖြင့် ထွက်လာပြီး အခြေခံ 8/256 GB မော်ဒယ်ကို ယွမ် ၄၉၉၈ (ကျပ်ကိုးသိန်းရှစ်သောင်းခန့်) နဲ့ 12/256 GB မော်ဒယ်အတွက် ယွမ် ၅၄၉၈ (ကျပ် ဆယ်သိန်းရှစ်သောင်း) သတ်မှတ်ထားပါတယ်။ တရုတ်ပြည်တွင်းမှာ ဩဂုတ် ၂၄ ရက်ကနေ စတင်ရောင်းချမှာ ဖြစ်ပြီး နိုင်ငံတကာ စျေးကွက်အတွက် နောက်မှ ထပ်ဖော်ပြလာမယ့်ပုံပါပဲ။

Ref – GSMArena