iQOO က iQOO Neo3 5G ကို ၂၃ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး အခုတော့ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တချို့ကို ကုမ္ပဏီက ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။ iQOO Neo3 5G မှာ 120Hz Refresh Rate ပါလာမယ်လို့ အရင်က သတင်းထွက်ခဲ့ပေမယ့် အခုတော့ ကုမ္ပဏီက 144Hz Refresh Rate ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။

မတ်လမှာ ကြေညာခဲ့တဲ့ Nubia Red Magic 5G ဟာ 144Hz ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။ အရင်က ရောင်းချခဲ့တဲ့ iQOO ဖုန်း အားလုံးမှာ 60Hz ပဲပါလာတာ ဖြစ်ပြီး iQOO Neo3 5G ဟာ မြင့်မားတဲ့ Refresh Rate ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။

iQOO Neo3 မှာ LCD မျက်နှာပြင်နဲ့ ဆဲလ်ဖီး ကင်မရာအတွက် Punch Hole ပါမယ်လို့ သတင်းထွက်နေပါတယ်။ မျက်နှာပြင် အရည်အသွေးကို မသိရသေးပေမယ့် Full HD+ ဖြစ်နိုင်ပါတယ်။ LCD ဖြစ်တဲ့အတွက် ဘေးဘက် လက်ဗွေရာ ကိရိယာ ပါလာမှာပါ။ ကုမ္ပဏီက မျှဝေထားတဲ့ ပိုစတာအရ iQOO Neo3 မှာ Snapdragon 865 နဲ့ UFS 3.1 Storage ပါမယ်လို့ သိရပါတယ်။ မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေ ထပ်မံ ထွက်လာနိုင်ပါတယ်။

အရင် သတင်းတွေအရ 6GB RAM နဲ့ 128GB Storage ပါလာမယ်လို့ သိရပါတယ်။ Android 10 အခြေပြု FunTouch OS 10 ၊ 48MP Quad ကင်မရာနဲ့ 44W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာနိုင်ပါတယ်။

Ref : gizmochina