တရုတ် OEMs တွေဟာ ဘက်ဂျက် 5G ဟန်းဆက်တွေကို တစ်ပတ်တစ်ကြိမ်များ ထုတ်ရောင်းနေသလားလို့ မေးခွန်းထုတ်ရတော့မလိုပါပဲ။ အခုလည်း Vivo ရဲ့ အမှတ်တံဆိပ်ခွဲဖြစ်တဲ့ iQOO က အလယ်အလတ်တန်းစား 5G စမတ်ဖုန်း တစ်မျိုးကို ထုတ်လုပ်ရောင်းချဦးမယ်လို့ သတင်းထွက်ထားပါတယ်။

ပြီးခဲ့တဲ့ရက်က ထွက်ပေါ်ထားတဲ့သတင်းအရ iQOO Z1x ဟာ 120Hz refresh rate မျက်နှာပြင်နဲ့ ဖြစ်မယ်ဆိုတာပါပဲ။ (144Hz ရှိတဲ့ iQOO Z1 ထက် နိမ့်ပါတယ်) အခုတော့ ဘက်ထရီပိုင်းနဲ့ပတ်သက်တဲ့ နောက်ထပ်ပေါက်ကြားသတင်းတစ်ခု ထွက်လာပြန်ပါတယ်။ iQOO Z1x မှာ 5,000mAh ဘက်ထရီ တပ်ဆင်ထားမယ် ဆိုတာပါပဲ။

ဒီအကြောင်းကို Ampere app ကတစ်ဆင့် သိရတာဖြစ်ပြီး (V2012A) ကုဒ်နံပါတ်နဲ့ ဟန်းဆက်ဟာ 5,000mAh ဘက်ထရီ သုံးထားတယ်လို့ ဖော်ပြနေတာပါ။ ဒီဘက်ထရီပမာဏဟာ 120Hz refresh rate နဲ့ 5G ချိတ်ဆက်နိုင်မှုအတွက် လုံလောက်တဲ့ ပမာဏဖြစ်တာကြောင့် တစ်ခုနဲ့တစ်ခု အပြန်အလှန်ထောက်ကူနေတဲ့ ဒီအချက်အလက် သုံးခုစလုံးဟာ အမှန်တွေလို့ မှတ်ယူနိုင်ပါတယ်။

iQOO ဟာ ပြီးခဲ့တဲ့မေလလယ်တုန်းက iQOO Z1 5G ကို မိတ်ဆက် ခဲ့ပါတယ်။ iQOO Z1 5G ဟာ ထုတ်လုပ်မှုနယ်ပယ်ထဲမှာ MediaTek Dimensity 1000+ အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်း ဖြစ်ခဲ့ပါတယ်။ ဇွန်လဆန်းမှာတော့ iQOO Z1x အကြောင်း စတင်ပြီး သတင်းထွက်ပေါ်ခဲ့တာပါ။

အခုအချိန်ထိတော့ iQOO Z1x နဲ့ပတ်သက်တဲ့ အချက်အလက်တွေက အများကြီးပေါက်ကြားလာသေးတာ မဟုတ်ပါဘူး။ ဒါပေမယ့် iQOO Z1x အတွက် Snapdragon 765G အသုံးပြုပေးမယ်လို့တော့ ဆိုပါတယ်။ ဒါ့အပြင် အခြား Vivo နဲ့ iQOO ဟန်းဆက်တွေနည်းတူ 33W အမြန်အားသွင်းစနစ်လည်း ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။

Ref: Gizmochina