အမေရိကန်နဲ့ အစ္စရေး တို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အရှေ့အလယ်ပိုင်းဒေသတွင်းက နာမည်ကြီး အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့ အီရန် က တရားဝင် ခြိမ်းခြောက်လိုက်ပါတယ်။ အင်္ဂါနေ့ က ထုတ်ပြန်ခဲ့တဲ့ အဲဒီ ပစ်မှတ်စာရင်းမှာ Amazon, Microsoft, Palantir နဲ့ Oracle တို့လို နည်းပညာဘီလူးကြီးတွေ ပါဝင်နေပြီး စစ်ပွဲအရှိန်ဟာ နည်းပညာအခြေခံအဆောက်အအုံတွေဆီအထိ ကူးစက်လာပါတယ်။
ဒီခြိမ်းခြောက်မှုဟာ စကားသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ရပ်တွေပါ ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့အပတ် ကတင် ယူအေအီး နဲ့ ဘာရိန်း နိုင်ငံတွေမှာရှိတဲ့ Amazon ရဲ့ ဒေတာစင်တာတွေကို အီရန် မောင်းသူမဲ့လေယာဉ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် အဆောက်အအုံတွေ ပျက်စီးခဲ့ရသလို လျှပ်စစ်မီး ပြတ်တောက်မှုတွေပါ ဖြစ်ပေါ်ခဲ့တာကြောင့် Amazon အနေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ အပူတပြင်း ပူးပေါင်းဆောင်ရွက်နေရပါတယ်။

ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတွေသာမက ဆိုက်ဘာစစ်ပွဲကလည်း အရှိန်မြင့်နေပါတယ်။ ဗုဒ္ဓဟူးနေ့ က အမေရိကန် ဆေးဘက်ဆိုင်ရာ နည်းပညာကုမ္ပဏီ Stryker ရဲ့ Microsoft ကွန်ရက်ကို အကြီးအကျယ် ထိခိုက်စေခဲ့တဲ့ ဆိုက်ဘာတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကို အီရန် ထောက်လှမ်းရေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ဆိုက်ဘာတိုက်ခိုက်ရေးအဖွဲ့ Handala က လုပ်ဆောင်ခဲ့တာလို့ လုံခြုံရေးကျွမ်းကျင်သူတွေဖြစ်ကြတဲ့ Brian Krebs နဲ့ Chris Krebs တို့က အတည်ပြုထားပါတယ်။
ဒီလို အခြေအနေတွေနဲ့ ပတ်သက်ပြီး အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Anna Kelly ကတော့ အမေရိကန် အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အပြည့်အဝရှိထားပြီး အီရန် ရဲ့ တိုက်ခိုက်မှုတွေကို ၉၀ ရာခိုင်နှုန်းအထိ အောင်မြင်စွာ ဟန့်တားနိုင်ခဲ့တယ်လို့ ကြာသပတေးနေ့ မှာ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း အခြေအနေအရပ်ရပ်ကြောင့် လက်ရှိမှာတော့ Amazon, Google, Snap နဲ့ Nvidia အစရှိတဲ့ နည်းပညာကုမ္ပဏီကြီးတွေဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းက သူတို့ရဲ့ ထောင်နဲ့ချီတဲ့ ဝန်ထမ်းတွေအတွက် အရေးပေါ် လုံခြုံရေးအစီအမံတွေကို အလျင်အမြန် စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။
Ref : cbsnews