eZONe CyberSpace Hotel လို့ အမည်ပေးထားတဲ့ ဟိုတယ်အသစ်ဟာ Esports နဲ့ Gaming ကဏ္ဍအတွက် ဦးစားပေးအဖြစ် တည်ဆောက်ခဲ့ပြီး ဂျပန်နိုင်ငံ အိုဆာကာမှာ ဖွင့်လှစ်လိုက်ပါတယ်။ ဒါပေမယ့် ကိုဗစ်ရောဂါအန္တရာယ်ကြောင့် လောလောဆယ် လူဦးရေအကန့်အသတ်နဲ့သာ လက်ခံသွားမှာပါ။

သူ့ရဲ့အမည်ကြောင့်သာမကဘဲ တည်ဆောက်ထားတဲ့ပုံကလည်း တစ်ချက်ကြည့်လိုက်တာနဲ့ ဂိမ်မာတွေအတွက် ဂိမ်းစင်တာတစ်ခုရဲ့ ဆွဲဆောင်မှုမျိုးကို ပေးပါတယ်။

eZONe ရဲ့ ပထမသုံးလွှာလုံးကို Esports Arena အကြီးစားတစ်ခုအဖြစ် ပုံစံချထားပြီး အလွှာတိုင်းမှာ High-End PC Rigs ကွန်ပြူတာစက်အလန်းတွေ ဆင်ပေးထားပါတယ်။ ပထမဆုံးအထပ်က ပြိုင်ပွဲတွေကျင်းပဖို့ပါ ထည့်သွင်းစဉ်းစားထားပြီး တတိယထပ်မှာတော့ အေးအေးဆေးဆေး အနားယူဆော့ကစားနိုင်ဖို့ ဦးစားပေးထားတယ်လို့ ဆိုတယ်။

လေးထပ်ကနေ ခြောက်ထပ်ထိကတော့ Capsule ပုံစံ အိပ်ရာတွေဖြစ်ပြီး ရှစ်ထပ်မြောက်ကတော့ မိန်းကလေးသီးသန့် အခန်းတွေဖြစ်ပါတယ်။ ခုနစ်ထပ်မြောက်ကတော့ Privacy အသားပေးဖြစ်ပြီး ပရိုကစားသမားတွေအတွက်နဲ့ Casual ဂိမ်မာတွေ အတွက်ဆိုပြီး နှစ်မျိုးခွဲခြားထားတဲ့ အခန်းတွေမှာ သီးသန့်ဆော့ကစားနိုင်မှာပါ။

ဂျပန်ရဲ့ပထမဆုံး Esports ဟိုတယ် eZONe မှာ တစ်ရက်တည်းခိုဖို့ဆိုရင် အသက်သာဆုံးက Capsule အိပ်ရာတွေထဲ တစ်ယောက်စာဝင်အိပ်တာဖြစ်ပြီး တစ်နေ့မှ ယန်း ၁၀၀၀ (မြန်မာငွေ တစ်သောင်းသုံးထောင်နီးပါး) သာ ရှိမှာပါ။ စျေးအကြီးဆုံး အခန်းကတော့ တစ်ညကို ယန်း ၈၀၀၀ (မြန်မာငွေတစ်သိန်းခန့်) ရှိပါတယ်။ ဘယ်လိုလဲ၊ တည်းချင်သွားပြီလား။

Ref – OneEsports