TV မှာ ဟင်းချက်အစီအစဉ်တွေကြည့်တဲ့အခါ အဲဒီဟင်းတွေကို အရသာခံချင်တဲ့ စိတ်တွေ ဖြစ်မိကြမှာပါ။ အခုတော့ သင့်ရဲ့ ဆန္ဒတွေ အမှန်တကယ် ဖြစ်လာတော့မှာပါ။ ဂျပန် သုတေသန ပညာရှင် Homei Miyashita က အရသာတွေ ထုတ်လုပ်ပေးနိုင်တဲ့ TV Screen ကို ဖန်တီးလိုက်ပါတယ်။ တစ်နည်းအားဖြင့် TV Screen ကို လျှာနဲ့ လျက်ကာ အရသာခံနိုင်မှာ ဖြစ်ပါတယ်။

Lick TV

အဲဒီ TV ကို  Taste the TV သို့မဟုတ် အတိုကောက် TTTV လို့ နာမည်ပေးထားပြီး Miyashita က Covid ကာလမှာ ပြင်ပက ကမ္ဘာနဲ့ အဆက်အသွယ်ရအောင် အဲဒီ TV က ပြုလုပ်ပေးနိုင်တယ်လို့ ပြောပါတယ်။ သူက “ အပြင်မှာ တကယ်ရှိတဲ့ စားသောက်ဆိုင် ၁ ခုမှာ စားသောက်နေရသလိုမျိုးကို နေအိမ်မှာတင် ခံစားနိုင်အောင် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ စားဖိုမှူးတွေ ဟင်းချက်ပညာသင်ကြားဖို့အတွက်လည်း TV က အသုံးဝင်မှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Lick TV

TV Screen မှာ အရသာ ၁၀ မျိုးပါတဲ့ ဘူးလေးတွေ ထည့်သွင်းထားပြီး ပြင်ပကမ္ဘာက တကယ့် အစားအသောက်နဲ့ တူညီတဲ့ အရသာတွေကို ပေါင်းစပ်ဖန်တီးပေးမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဖန်တီးထားတဲ့ အရသာကို ပိုးကင်းစင်အောင်ပြုလုပ်ထားတဲ့ ပလတ်စတစ်အပြားပေါ်တင်ပေးမှာ ဖြစ်ကာ လျှာနဲ့ လျက်ကာ အရသာခံနိုင်မှာ ဖြစ်ပါတယ်။

TTTV ဟာ လက်ရှိမှာ နမူနာမော်ဒယ်အဆင့်ပဲ ရှိသေးပြီး ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ အဲဒီ TV သာ တကယ် ရောင်းချပြီဆိုရင် အစားတစ်လိုင်းတွေအတွက် အရမ်းကို အသုံးဝင်မှာ ဖြစ်ပါတယ်။

Ref : tnw