ဂျပန်သိပ္ပံပညာရှင်များသည် လူသားများတွင် သွားအစစ်များ ပြန်လည်ပေါက်ဖွားလာစေနိုင်သည့် ဆေးဝါးအသစ်တစ်မျိုးကို လူများဖြင့် စတင်စမ်းသပ်နေပြီဖြစ်ရာ ယင်းမှာ သွားဘက်ဆိုင်ရာကုသမှုအတွက် ကြီးမားသောပြောင်းလဲမှု ဖြစ်လာနိုင်ပါသည်။ TRG-035 ဟု အမည်ပေးထားသည့် ထိုဆေးဝါးသည် USAG-1 အမည်ရှိ ပရိုတင်းတစ်မျိုး၏ လုပ်ဆောင်မှုကို ပိတ်ဆို့ခြင်းဖြင့် အလုပ်လုပ်ပြီး၊ အဆိုပါပရိုတင်းမှာ သွားအသစ်ဖြစ်ပေါ်ခြင်းကို ပုံမှန်အားဖြင့် တားဆီးလေ့ရှိပါသည်။ ကြွက်နှင့် ဖျံကဲ့သို့သော တိရစ္ဆာန်များဖြင့် ပြုလုပ်ခဲ့သည့် အစောပိုင်းစမ်းသပ်မှုများတွင် အဆိုပါဆေးသည် ၎င်းတို့၏ သဘာဝသွားများအတိုင်း လုပ်ဆောင်နိုင်သော သွားအသစ်များ ပေါက်လာစေရာ၌ အလွန်ကောင်းမွန်သောရလဒ်များ ပြသခဲ့သည်။
ပထမအဆင့် လူသားဖြင့်စမ်းသပ်မှုကို ဂျပန်နိုင်ငံရှိ ကျိုတိုတက္ကသိုလ်ဆေးရုံတွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစတင်၍ သွားအနည်းဆုံးတစ်ချောင်းဆုံးရှုံးထားသည့် အသက် ၃၀ မှ ၆၄ နှစ်အရွယ် အရွယ်ရောက်ပြီးသူ ၃၀ ဦးဖြင့် ပြုလုပ်နေပြီး ဆေး၏ဘေးကင်းမှုကို အဓိကထား စစ်ဆေးလျက်ရှိသည်။ ဤသုတေသနကို ဦးဆောင်သူတစ်ဦးဖြစ်သည့် အိုဆာကာမြို့၊ ကီတာနိုဆေးရုံမှ ဒေါက်တာကာဆု တာကာဟာရှီက သွားအသစ်များ ပေါက်ဖွားလာစေရန် စိတ်ကူးမှာ သွားဆရာဝန်တိုင်း၏ အိပ်မက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဤပထမအဆင့်စမ်းသပ်မှု အောင်မြင်ပါက မွေးရာပါ အမြဲတမ်းသွားများမပါရှိသည့် ကလေးသူငယ်များဖြင့် ဒုတိယအဆင့် စမ်းသပ်ကုသမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး၊ အဆိုပါကုသမှုကို ၂၀၃၀ ပြည့်နှစ်တွင် လူတိုင်းလက်လှမ်းမီရရှိနိုင်စေရန် သုတေသီများက မျှော်လင့်ထားကြသည်။
TRG-035 ဆေးဝါးကို ဆေးထိုးခြင်းဖြင့် ပေးရပြီး၊ ၎င်းက USAG-1 ပရိုတင်းကို ပိတ်ဆို့လိုက်သည့်အခါ ခံတွင်းအတွင်းရှိ ငုပ်လျှိုးနေသော သွားဖူးများ ပြန်လည်ကြီးထွားလာနိုင်သည်ဟု ဆိုသည်။ လေ့လာမှုများအရ လူသားများတွင် ကလေးသွားနှင့် လူကြီးသွားများ ပေါက်ပြီးနောက် USAG-1 ပရိုတင်းကြောင့် ငုပ်နေသည့် တတိယမြောက် သွားဖူးအစုအဝေးတစ်ခု ရှိနေနိုင်သည်ဟု သိရသည်။ ဤကုသမှုသည် အထူးသဖြင့် မွေးရာပါသွားအချို့မပါရှိသည့် tooth agenesis အခြေအနေရှိသူများအတွက် အကျိုးပြုနိုင်ပြီး ၎င်းတို့အား သဘာဝသွားများ ပေါက်ဖွားလာစေရန် ကူညီနိုင်မည်ဖြစ်သည်။ အခြားကျွမ်းကျင်သူများကမူ ဤဆေးမှာ အလားအလာကောင်းသော်လည်း ကျယ်ပြန့်စွာအသုံးမပြုမီ ဘေးကင်းမှုအတွက် စေ့စပ်သေချာစွာ စမ်းသပ်ရန်နှင့် အချိန်ယူဆောင်ရွက်ရန် လိုအပ်ကြောင်း သတိပေးထားသည်။ အားလုံးအဆင်ပြေပါက ဤဆေးသည် သွားတုတပ်ခြင်းနှင့် သွားအစားထိုးခြင်းတို့၏နောက် တတိယရွေးချယ်စရာအဖြစ် သဘာဝအတိုင်း သွားပြန်ပေါက်စေမည့် နည်းလမ်းတစ်ခု ဖြစ်လာနိုင်မည်ဟု ဒေါက်တာ တာကာဟာရှီက မျှော်မှန်းထားပါသည်။
Ref : myelectricsparks