ဝယ်ထားတာ နှစ်လပဲ ရှိသေးတဲ့ အသစ်စက်စက် iPhone 16 စမတ်ဖုန်းကြီး လက်ထဲမှာ သုံးနေရင်း ရုတ်တရက် ပေါက်ကွဲထွက်သွားတဲ့အတွက် လူငယ်တစ်ဦးဟာ အတော်လေးကို ထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။ အဲဒီ ပေါက်ကွဲမှုကြောင့် သူ့ရဲ့ လက်မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပြီး လက်ညှိုးဆိုရင် အဆိုးရွားဆုံး ထိခိုက်သွားခဲ့ပါတယ်။

ဒီကြက်သီးမွေးညင်းထစရာ အဖြစ်အပျက်ကို မတ်လ ၃ ရက်နေ့မှာ TikTok အကောင့်ပိုင်ရှင် @phumiphat321622 က ဗီဒီယိုကလစ်နဲ့တကွ တင်ခဲ့ပြီးနောက်မှာ အွန်လိုင်းပေါ်မှာ လူသိများ ပျံ့နှံ့သွားခဲ့တာပါ။ အဲဒီ ဗီဒီယိုထဲမှာ ဖုန်းကို ပုံမှန်သုံးနေရင်း ပေါက်ကွဲသွားတဲ့ အနေအထားနဲ့ သူရထားတဲ့ ဒဏ်ရာတွေကို အထင်အရှား တွေ့မြင်ရပါတယ်။

ဖုန်းပိုင်ရှင် လူငယ်လေးကတော့ သူဟာ အဲဒီ iPhone 16 ကို အကြမ်းပတမ်း သုံးလေ့မရှိဘူးလို့ ရှင်းပြထားပါတယ်။ ဖုန်းပူလာစေမယ့် ဂိမ်းဆော့တာမျိုးတွေတောင် မလုပ်ဘူးလို့ သူက ဆိုပါတယ်။ အခုလိုမျိုး ပုံမှန်လေး သုံးနေရင်းနဲ့ကို မထင်မှတ်ဘဲ ပေါက်ကွဲသွားတာမို့ တခြား iPhone 16 သုံးစွဲသူတွေအတွက်ပါ စိုးရိမ်စရာ ဖြစ်လာပါတယ်။
လတ်တလောမှာတော့ အဲဒီလို ပေါက်ကွဲသွားတဲ့ iPhone 16 ကို ဘာကြောင့်ဖြစ်ရသလဲ ဆိုတာ အတိအကျ သိရအောင် စစ်ဆေးမှုတွေ လုပ်ဖို့ ပို့ဆောင်ထားပါတယ်။ အသစ်စက်စက် ဖုန်းတစ်လုံး ဘာလို့ အခုလို အန္တရာယ်ရှိတဲ့အထိ ပေါက်ကွဲရတာလဲ ဆိုတဲ့ အကြောင်းရင်းအမှန်ကိုတော့ အခုချိန်အထိ ရှာမတွေ့သေးဘဲ ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပါတယ်။
Ref: Khaosod