KFC ကြက်ကြော် ကြိုက်တဲ့ ဂိမ်မာတွေအတွက် KFC က ထူးထူးဆန်းဆန်း ထုတ်ကုန် ၁ ခုကို ကြေညာလိုက်ပါတယ်။ အဲဒါကတော့ ကြက်ကြော် နွှေးနိုင်တဲ့ ဂိမ်းစက် ဖြစ်ပြီး KFConsole လို့ နာမည်ပေးထားပါတယ်။ Intel Processor မောင်းနှင်ထားပြီး ကြက်ကြော် နွှေးနိုင်တဲ့ အခန်းငယ် ပါပါတယ်။

KFConsole ကို Cooler Master နဲ့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပြီး  ကြက်ကြော် နွှေးနိုင်တဲ့ ပထမဆုံး ဂိမ်းစက်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ CoolerMaster Website မှာ “KFC ရဲ့ အစားအစာအပေါ် ကျွမ်းကျင်မှုနဲ့ Cooler Master ရဲ့ ဟာ့ဒ်ဝဲ နည်းပညာတွေ ပေါင်းစပ် ထည့်သွင်းထားပါတယ်။ ကြက်ကြော်လေး အရသာရှိရှိ စားသုံးရင်း နောက်ဆုံးပေါ် ဂိမ်းတွေကို 4K 240fps နဲ့ ကစားနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

အဲဒီ Website မှာ “ သင် ဂိမ်းကစားနေချိန်မှာ ကြက်ကြော်တွေ အေးစက်သွားမှာ စိတ်ပူစရာ မလိုတော့ပါဘူး။ ဂိမ်းစက်ရဲ့ သဘာဝ အပူကို အသုံးပြုကာ ကြက်ကြော်ကို နွှေးပေးမှာပါ။ ကြက်ကြော် နွှေးပေးတယ်ဆိုပေမယ့် ဂိမ်းစက်ရဲ့ အပူချိန် မမြင့်မားအောင် ဖန်တီးထားတဲ့အတွက် ဂိမ်းတွေကို ချောချောမွတ်မွတ် ကစားနိုင်မှာ ဖြစ်ပါတယ်။ “ လို့ ဖော်ပြထားပါတယ်။

ဂိမ်းစက်မှာ Intel Nuc 9 Extreme Compute Element ၁ ခုနဲ့ Seagate BarraCuda 1TB SSD ၂ ခု ထည့်သွင်းထားပြီး 4K မျက်နှာပြင်တွေကို ထောက်ပံ့ပါတယ်။

Ref : firstpost