Huawei ရဲ့ Nova 7 စီးရီးဟာ လာမယ့် ဧပြီ ၂၃ ရက်နေ့မှာ တရားဝင်မိတ်ဆက်လာမှာဖြစ်ပြီး ယနေ့မှာတော့ ဒီဖုန်းရဲ့ ကြော်ငြာပိုစတာလို့ ယူဆရတဲ့ ဓါတ်ပုံတစ်ခု ထပ်မံပေါ်ထွက်လာပါတယ်။ ဒီပိုစတာထဲမှာ တရုတ်ကြယ်ပွင့် Jackson Yee နဲ့ ကြော်ငြာထားတာတွေ့ရပြီး ၎င်းဟာ မနှစ်က တရုတ်နာမည်ကျော် ၁၀၀ ဦး စာရင်းမှာ နံပါတ် ၈ ချိတ်ခဲ့တဲ့ အကျော်အမော်တစ်ယောက်ပါ။

Nova 7 ဖုန်းကတော့ တရုတ်နိုင်ငံရဲ့နောက်ထပ်ကြယ်ပွင့်တစ်ခုဖြစ်တဲ့ Huawei P40 Pro နဲ့ ဆင်တူနေတာကို တွေ့ရမှာဖြစ်ပါတယ်။။ P40 Pro ကို Curved Screen ပြောင်းလဲပြီး အပေါ်ဘယ်ဘက်ထောင့်မှာ Dual Punch-hole ထည့်လိုက်တာနဲ့ တစ်ပုံစံတည်းလို ဖြစ်သွားမှာပါ။ နောက်ကျောဘက်မှာ ရှည်မျောမျော စတုဂံသဏ္ဍာန်ကင်မရာကိုတွေ့ရမှာဖြစ်ပြီး အထဲမှာ ဘာတွေပါမလဲ ဆိုတာတော့ မသိရသေးပါဘူး။

ယခင်ထွက်ထားတဲ့ သတင်းအရတော့ Nova 7 စီးရီးကို မိတ်ဆက်လာတဲ့အခါမှာ Huawei Nova 7 SE, Nova 7 ရိုးရိုးနဲ့ Nova 7 Pro ဆိုပြီး သုံးမျိုးကို တွေ့ရမယ်လို့ဆိုထားပြီး သူတို့မှာ Kirin 820, Kirin 985 နဲ့ Kirin 990 5G ချစ်ပ်ဆက်တွေ အစဉ်လိုက်အသုံးပြုထားမှာဖြစ်ပါတယ်။

Huawei Nova 7 SE ကို Geekbench မှာ တွေ့ခဲ့ရပြီး Kirin 820 ချစ်ပ်ဆက်ကို အတည်ပြုနိုင်ခဲ့ပါတယ်။ သူ့မှာ 6.5” 1080p+ Display, 64MP အဓိကကင်မရာနဲ့ 22.5W အားသွင်းစနစ်တို့ ပါဝင်မယ်လို့ ယူဆရပြီး ကျန်တဲ့ဖုန်းနှစ်လုံးကို မသိရသေးပါဘူး။

အားလုံးထဲမှာ Nova 7 ရိုးရိုးမော်ဒယ်က ဈေးအသက်သာဆုံးဖြစ်နိုင်ပြီး တရုတ်ယွမ် ၂၀၀၀ မှ ၃၀၀၀ ကြား (မြန်မာငွေ လေးသိန်းမှ ခြောက်သိန်းဝန်းကျင်) ကျသင့်နိုင်ပါတယ်။ SE မော်ဒယ်ကတော့ အနိမ့်ဆုံး ယွမ် ၃၀၀၀ (မြန်မာငွေ ခြောက်သိန်း) ကျသင့်မယ်လို့ ယူဆရပြီး အမြင့်ဆုံး Pro က ယွမ် ၃၅၀၀ မှ ၄၀၀၀ (မြန်မာငွေ ၇ သိန်းမှ ၈ သိန်း) ကျသင့်နိုင်ပါတယ်။

Huawei Nova 7i ဖုန်းကတော့ တရားဝင်မိတ်ဆက်ပြီးသားဖြစ်ပေမယ့် ၎င်းဟာ တရုတ်ဈေးကွက်အတွက် Huawei P40 Pro ကို အမည်လွှဲထားခြင်းသာဖြစ်ပါတယ်။

Ref – GSM Arena