အောင်မြင်တဲ့ တီထွင်မှုအတော်များများမှာ “ကော်ပီ” ဆိုတဲ့ ပုံတူကူးချခံရမှုကလည်း အရိပ်လို ရှိနေတတ်ပါတယ်။ ဒါပေမဲ့ ကော်ပီက ကော်ပီပါပဲ။ ဘယ်လိုမှ မူရင်း ဖြစ်မလာနိုင်ပါဘူး။ ဘယ်လိုဆိုဆို အကြောင်းအမျိုးမျိုးကြောင့် ကော်ပီကိုပဲ အားပေးရတဲ့ လူတန်းစားလည်း ရှိနေသေးတာကြောင့် ကော်ပီယဉ်ကျေးမှုဟာ လွယ်လွယ်နဲ့တော့ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။

LeEco ဟာ လာမဲ့ တရုတ်နှစ်သစ်ကူးပွဲတော်အတွက် စမတ်ဖုန်းသစ်ကို ကြေညာလိုက်ပါတယ်။ မော်ဒယ်ကတော့ LeEco S1 Pro ဖြစ်ပြီး အပြင်ပိုင်းကတော့ iPhone 14 Pro ရဲ့ ပုံပန်းသဏ္ဍာန်ပါပဲ။ တစ်နည်းအားဖြင့် iPhone 14 Pro ရဲ့ ဒီဇိုင်းကို ကော်ပီယူထားတာပါ။ ဒီထက် ပိုပြီးပြောရရင် Dynamic Island တောင် ရှိနေတာပါ။

LeEco S1 Pro ဟာ Mid-range အမျိုးအစားဖြစ်ပြီး 6.5-inch 720x1600px LCD မျက်နှာပြင်နဲ့ပြီးပြီး ပုံမှန် 60Hz refresh rate နဲ့ ဖြစ်ပါတယ်။ 12nm Zhanrui T7510 chipset အသုံးပြုထားပြီး 1.8GHz Cortex-A75 cores ၄ ခုနဲ့ 1.8GHz Cortex-A55 cores ၄ ခု ပါဝင်တာလည်း ဖြစ်ပါတယ်။ Graphic အနေနဲ့ Clock speed 800MHz, 9446 GPU ဖြစ်တယ်လို့ သိရပါတယ်။

LeEco S1 Pro မှာ 8/128GB အမျိုးအစား တစ်မျိုးတည်း ရှိပါတယ်။ ဘက်ထရီက 5,000mAh ပမာဏဖြစ်ပြီး 10W အားသွင်းစနစ်ကို ထောက်ပံ့ထားပါတယ်။ အရှေ့ကင်မရာက 5MP ဖြစ်ပြီး ကျောဘက်မှာတော့ 13MP အဓိက ကင်မရာကို တပ်ဆင်ထားပါတယ်။ ဖုန်းမှာ GMS အစား Huawei ရဲ့ Mobile Services ပါဝင်နေတယ်လို့လည်း သိရပါတယ်။ (တရုတ်နိုင်ငံမှာ Google ရဲ့ Suite ကို မရတာကြောင့် အံ့သြစရာတော့မရှိပါဘူး)

LeEco S1 Pro 8/128GB မော်ဒယ်ရဲ့ တန်ဖိုးဟာ ၈၉၉ ယွမ် (၃သိန်းခွဲ ဝန်းကျင်) ဖြစ်ပါတယ်။

Ref: GSM Arena