Xiaomi ကနေ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ တရုတ်နိုင်ငံအတွက် Redmi Note 9 5G Series ဖုန်းသစ်တွေကို မိတ်ဆက်သွားမယ်ဆိုပြီး တရားဝင်အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။ အခုလည်း Xiaomi ရဲ့ CEO နဲ့ Founder ဖြစ်တဲ့ Lei Jun ကနေ အဆိုပါ ဖုန်းတွေကို စတင်ရောင်းချမယ့်စျေးနှုန်းကို အရိတ်အမြွတ်ပြောကြားခဲ့ပါတယ်။

Lei Jun ကနေ Weibo စာမျက်နှာမှာ Redmi Note 9 5G Series ဖုန်းတွေဟာ စျေးနှုန်းအနေနဲ့ တရုတ်ယွမ်ငွေ ၁,၀၀၀ (မြန်မာငွေ ၂ သိန်းဝန်းကျင်) ကနေ စတင်ရောင်းချသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါက ယခင် Redmi Note Series ဖုန်းတွေထက် စျေးနှုန်းပိုများမလာဘဲ စျေးနှုန်းအစား စွမ်းဆောင်ရည်ပိုင်းမှာပဲ ပိုကောင်းမွန်လာတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Xiaomi ကနေ အခုလိုမျိုး ယွမ် ၁,၀၀၀ ကနေ စတင်မယ့် Redmi Note 9 Series ဖုန်းဟာ 5G Network အစား 4G LTE ပဲ Support ပြုလုပ်တဲ့ Version လည်းဖြစ်လာနိုင်ပါတယ်။ လောလောဆယ် ထွက်ရှိထားတဲ့သတင်းတွေအရတော့ 108MP Primary Camera ပါဝင်လာမယ့် Redmi Note 9 Pro 5G စမတ်ဖုန်းကတော့ တရုတ်ယွမ်ငွေ ၁,၅၀၀ ဝန်းကျင် (မြန်မာငွေ ၃ သိန်းဝန်းကျင်) နဲ့ရောင်းချသွားမယ်လို့ သိရပါတယ်။

Redmi Note 9 5G စမတ်ဖုန်းဟာ MediaTek Dimensity 800U Chipset ၊ 48MP Camera Setup နဲ့ 22.5W Fast Charging ကို Support လုပ်တဲ့ 5000mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။ Redmi Note 9 Pro 5G ဖုန်းကတော့ Qualcomm Snapdragon 750G Chipset ၊ 108MP Camera Setup နဲ့ 33W Fast Charging ပါဝင်တဲ့ 4820mAh Battery တွေပါဝင်လာမှာပါ။

Ref – Gizmo China