Lenovo ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် စက်တင်ဘာလတုန်းကမှ A6 Note ကို မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် ယခုအခါ Lenovo A7 လို့ အမည်ပေးထားတဲ့ မျိုးဆက်သစ်ကို ထပ်မံခေါ်ဆောင်လာဖို့ အသင့်ဖြစ်နေပါပြီ။ ဒီဖုန်းအသစ်ကို Google Play Console ပေါ်မှာ မြင်တွေ့ခဲ့ရတာဖြစ်ပြီး သူ့ရဲ့ဓါတ်ပုံသာမက Specs အချို့ကိုပါ ဖော်ပြထားပါတယ်။

Play Console မှာ ဖော်ပြထားတဲ့စာရင်းအရတော့ Lenovo A7 စမတ်ဖုန်းမှာ Waterdrop Notch ဒီဇိုင်းနဲ့ HD+ Resolution ပါဝင်တဲ့ Display တစ်ခုပါဝင်မှာပါ။ အပေါ်နဲ့ဘေးဘောင်သုံးဘက်မှာ အနည်းငယ်ထူတဲ့ Bezel ဘောင်တွေ ပါဝင်ပြီး အောက်ဘက်က Chin ဟာလည်း ထူထူထဲထဲရှိတာကို မြင်ရပါတယ်။

A7 ရဲ့အတွင်းမှာတော့ Spreadtrum SC9863A ချစ်ပ်ဆက်ကို 2GB RAM နဲ့တွဲဖက်လာတာကို တွေ့ရပေမယ့် အခြား Memory Combo တွေလည်း ရှိဦးမှာပါ။ စက်နှင်စနစ်အနေနဲ့တော့ ၂၀၂၀ ထဲမှာ အနည်းငယ်နောက်ကျနေပြီဖြစ်တဲ့ Android 9 Pie ကိုပဲ ဆက်သုံးစွဲထားတာကိုလည်း တွေ့ရပါတယ်။

Lenovo A7 ရဲ့အခြား Specs တွေကိုတော့ မသိရသေးပေမယ့် လာမယ့်ရက်အနည်းငယ်အတွင်းမှာ နောက်ထပ် သတင်းတွေ ထပ်ကြားရဦးမှာ သေချာပါတယ်။

Ref – GSM Arena