Lenovo Legion ကို လာမယ့် ၂၂ ရက်နေ့မှာ မိတ်မဆက်ခင် အားသွင်းစနစ်ပြိုင်ပွဲထဲကို ဝင်ပါလာခဲ့ပြီး လက်ရှိ အားသွင်းအမြန်ဆုံးနေရာကို ဝင်ယူသွားခဲ့ပါတယ်။ လက်ရှိစျေးကွက်ထဲက အမြန်ဆုံးအားသွင်းစနစ်ဟာ Oppo ရဲ့ 65W ဖြစ်ပြီး Lenovo ဟာ သူ့ရဲ့ 90W “Twin Turbo” နည်းပညာနဲ့ ရသလောက်လေး ကျော်တက်ခဲ့ဦးမှာပါ။

နောက်ဆုံးထွက်ရှိလာတဲ့ Lenovo ရဲ့ Teaser ထဲမှာ 90W Twin Turbo စနစ်ဟာ Legion မှာ အသုံးပြုထားတဲ့ 5,000 mAh ဘက္ထရီကြီးကို မိနစ် ၃၀ နဲ့ အားအပြည့်ဖြည့်နိုင်ကြောင်း ပြသလာခဲ့တာပါ။ အခြား Super Fast Charging စနစ်တွေလိုပဲ Lenovo ဟာလည်း ဘက္ထရီကို Cell နှစ်ခုအဖြစ် ခွဲခြားပြီး တပြိုင်တည်း အားသွင်းစေတာပါ။

ဒီလောက်မြန်ဆန်တဲ့ အားသွင်းစနစ်ကြောင့် အပူချိန်လွန်ကဲပြီး ဘက္ထရီနဲ့ ဟန်းဆက်ပျက်စီးတာ မဖြစ်ရအောင် လုံခြုံရေးစစ်ဆေးမှုစနစ် ၁၆ ခု ထည့်သွင်းထားတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဒါ့အပြင် သူ့မှာ USB-C Port နှစ်ခုပါဝင်ပြီး ဖုန်းသုံးနေတဲ့ ပုံစံပေါ်လိုက်ကာ ပုံမှန်အတိုင်း ဖုန်းရဲ့အောက်ဖက် ဒါမှမဟုတ် ဂိမ်းကစားနေရင်း ဖုန်းရဲ့ဘေးဘက်နေ အားသွင်းနိုင်မှာ ဖြစ်ပါတယ်။

Lenovo Legion ဟာ Gaming ဖုန်းစျေးကွက်ထဲကို အရှိန်ပြင်းပြင်းနဲ့ ပြေးဝင်လာမယ့် စမတ်ဖုန်းဖြစ်ပြီး 144Hz Refresh Rate, စမတ်ဖုန်းတွေထဲမှာ အားအကောင်းဆုံး စပီကာစနစ်နဲ့ ဖုန်းရဲ့ဘေးဘက်မှာထည့်သွင်းထားတဲ့ Pop-up ဆဲလ်ဖီးကင်မရာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် လက်ရှိအမြင့်ဆုံးဖြစ်လာမယ့် Snapdragon 865+ Flagship ချစ်ပ်ဆက်အသစ် ကိုလည်း မြင်ရမှာပါ။

Ref – GSMArena