Gaming စမတ်ဖုန်းစျေးကွက်ကတော့ တဖြေးဖြေးနဲ့ ပိုကျယ်ပြန့်လာပြီး နာမည်ကြီး နည်းပညာအမှတ်တံဆိပ်ဖြစ်တဲ့ Lenovo ရဲ့ Legion Phone Duel ဟာလည်း ပြိုင်ပွဲထဲ ဝင်ရောက်လာခဲ့ပါပြီ။ ဒီဖုန်းဟာ Snapdragon 865+ ချစ်ပ်ဆက်အသစ်နဲ့ မိတ်ဆက်ခဲ့တဲ့ စမတ်ဖုန်းသစ်တွေထဲမှာ အစောဆုံးဖြစ်ပါတယ်။

ပြိုင်ဘက် Asus ကုမ္ပဏီက သူတို့ရဲ့ Gaming PC အမှတ်အသား ROG ကိုပဲ Gaming စမတ်ဖုန်း အမှတ်တံဆိပ်အဖြစ် ဆက်သုံးစွဲခဲ့သလိုပဲ Lenovo ကလည်း “Legion” အမည်ကို ဆက်သုံးစွဲလာတာဖြစ်ပါတယ်။ Legion Phone Duel ဆိုတဲ့ အမည်ဆန်းနဲ့ စမတ်ဖုန်းကို Black, Blue ဒီဇိုင်းကွဲနှစ်မျိုးနဲ့ ရောင်းချမှာပါ။

Specs ပိုင်းကို ကြည့်ရင် Legion Phone Duel ဟာ တကယ်အထင်ကြီးစရာကောင်းပါတယ်။ 6.59” FHD+ AMOLED Display ဟာ 144Hz Refresh Rate ထောက်ပံ့ပေးနိုင်ပြီး 240Hz Sampling Rate အထိ ထုတ်လုပ်ပေးနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာကို ဖုန်းရဲ့ဘေးဘက်မှာ Pop-up အနေနဲ့ ထည့်လာတဲ့ ဒီဇိုင်းအဆန်းကြောင့် Display ကလည်း ရှင်းလင်းနေတာကို တွေ့ရမှာပါ။

အတွင်းမှာ 3.1GHz Clock မြန်နှုန်းနဲ့ Snapdragon 865+ ချစ်ပ်ဆက်အသစ်ကို 16GB LPDDR5 RAM နဲ့တွဲဖက်ထားပြီး 512GB Storage ပါဝင်ပါတယ်။ ဒီအတွဲက AnTuTu ပေါ်မှာ ရမှတ် ၆ သိန်းခွဲနီးပါး ရရှိထားတာပါ။

နောက်ကျောမှာ မြင်နေကြပုံစံအတိုင်း မဟုတ်ဘဲ အလည်တည့်တည့်မှာ နေရာချထားတဲ့ 64MP + 16MP Ultrawide ကင်မရာနှစ်လုံးကို တွေ့ရမှာဖြစ်ပါတယ်။ သူ့လိုပဲ ပုံမှန်မဟုတ်တဲ့ ဘေးဘက်ကနေ Pop-up အဖြစ် ထည့်ထားတဲ့ ဆဲလ်ဖီးကင်မရာကတော့ 20MP ဖြစ်ပြီး ဒီထူးဆန်းတဲ့ ဒီဇိုင်းကြောင့်ပဲ မိုဘိုင်းဂိမ်းကစားသူတွေဟာ ဖုန်းကို အလျားလိုက် ကိုင်တွယ်ဆော့ကစားနိုင်ရင်းက ကိုယ့်ရဲ့မျက်နှာကိုပါ Stream နိုင်စေမှာပါ။

အရေးပါတဲ့နောက်ထပ်အစိတ်အပိုင်းကတော့ ဘက္ထရီဖြစ်ပြီး 5,000 mAh ဘက္ထရီကြီးကို 2,500 mAh စီပါတဲ့ Cell နှစ်ခုနဲ့ ဖန်တီးထားတာပါ။ နှစ်ခုလုံးကို တပြိုင်တည်းအားသွင်းခြင်းဖြင့် 90W Turbo Power အားသွင်းစနစ်ဟာ ပုံမှန်ထက် အများကြီး ပိုမြန်စေမှာဖြစ်ပါတယ်။ ဘက္ထရီရဲ့ 50% ကို အားဖြည့်ဖို့ ၁၀ မိနစ်သာကြာပြီး အပြည့်ဖြည့်ဖို့တော့ ၃၀ မိနစ် ကြာမယ်လို့ ဆိုပါတယ်။ ဖုန်းနဲ့ Charger နှစ်ခုလုံးမှာ USB-C Port နှစ်ခုစီ ပါဝင်ပါတယ်။

ဒီဖုန်းမှာ In-display Fingerprint Reader, Liquid Cooling, Bluetooth 5.0, NFC နဲ့ Dual SIM ထောက်ပံ့မှုတွေ ပါဝင်ပါတယ်။ Android 10 OS ကို အခြေခံထားတဲ့ ZUI 12 သို့မဟုတ် Legion OS နဲ့ ဆော့ကစားရမှာပါ။

Levono Legion Phone Duel ရဲ့ စျေးနှုန်းကလည်း စိတ်ဝင်စားစရာပါပဲ။ Specs အကြမ်းစားတွေ သုံးထားပေမယ့် စျေးနှုန်းကို ဒေါ်လာငါးရာ (မြန်မာငွေ ၇ သိန်းနီးပါး) ကနေ စတင်သတ်မှတ်ထားပါတယ်။ အခြေခံအကျဆုံး 8/128GB မော်ဒယ် အတွက် ယွမ် ၃၄၉၉ (မြန်မာကျပ် ၇ သိန်းနီးပါး)၊ 12/128GB အတွက် ယွမ် ၃၈၉၉ (ကျပ် ၇ သိန်း ၇ သောင်း)၊ 12/256GB မော်ဒယ် အတွက် ယွမ် ၄၁၉၉ (ကျပ် ၈ သိန်း ၃ သောင်း) နဲ့ အမြင့်ဆုံး 16/512GB အတွက် ယွမ် ၅၉၉၉ (ကျပ် ၁၂ သိန်းနီးပါး) သတ်မှတ်ပေးထားတာ ဖြစ်ပါတယ်။

Ref – GizmoChina