Lenovo က Gaming စမတ်ဖုန်း ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ သတင်းတွေ ထွက်နေခဲ့ပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ သတင်း မှန်ကန်တယ်ဆိုတဲ့ သက်သေ အထောက်အထား တချို့ကို မျှဝေလိုက်ပါတယ်။ Lenovo က တရုတ် လူမှုကွန်ရက် ဝီဘိုမှာ အဲဒီ Gaming စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ ပို့စ်များစွာ တင်ထားပါတယ်။ စမတ်ဖုန်းတွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်တဲ့ AnTuTu မှာ အဲဒီ ဖုန်းဟာ စံချိန်တင် ရမှတ်ဖြစ်တဲ့ ၆၀၀,၀၀၀ ကျော်ရထားတယ်ဆိုတာလည်း အဲဒီပို့စ်တွေထဲမှာ ပါပါတယ်။

Lenovo ရဲ့ အဲဒီ စမတ်ဖုန်းဟာ သာမာန် စွမ်းဆောင်ရည်မြင့် ဖုန်း မဟုတ်ဘဲ “ Game On” စာသား ပါတဲ့အတွက် Gaming စမတ်ဖုန်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဟာ့ဒ်ဝဲ အပိုင်းမှာ အရမ်းကို လန်းအောင်လုပ်ထားတဲ့အတွက် AnTuTu မှာ အမှတ်က ဒီလောက် များနေတာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Lenovo က အဲဒီ စမတ်ဖုန်းမှာ Qualcomm ရဲ့ နောက်ဆုံးထုတ် အလန်းစား Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 5G Modem ပါမယ်လို့ သတင်းပေးခဲ့ပါတယ်။

Asus ရဲ့ Gaming Division လိုပဲ အဲဒီ စမတ်ဖုန်းရဲ့ နာမည်ဟာ Lenovo Legion ဖြစ်မယ်လို့လည်း သတင်းထွက်နေပါတယ်။ Lenovo ဟာ Gaming စမတ်ဖုန်း နယ်ပယ်မှာ အောင်မြင်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဖုန်း ကုမ္ပဏီများစွာဟာ Gaming စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချထားကြပြီး Gaming စမတ်ဖုန်းတွေမှာ အလန်းစား ဟာ့ဒ်ဝဲတွေ ထည့်သွင်းထားကြပါတယ်။

Ref : gsmarena