ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တောင်ကိုရီးယားနိုင်ငံအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Elec ကနေ LG ဟာ စမတ်ဖုန်းစျေးကွက်ကို စွန့်ခွာဖို့ရှိနေတယ်လို့ ရေးသားခဲ့ပါတယ်။ အဆိုပါ ဖော်ပြချက်အရ LG ဟာ လက်ရှိဆောင်ရွက်နေတဲ့ Rollable စမတ်ဖုန်းတွေထုတ်လုပ်နေမှုကိုတောင် ရပ်တန့်ထားမှာဖြစ်တယ်ဆိုပြီး ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ LG ဘက်ကနေ CEO ကိုယ်တိုင်က The Elec ရဲ့ ဖော်ပြချက်ကို ပြန်ငြင်းဆိုခဲ့ပါတယ်။ LG ရဲ့ Consumer Tech ဌာန Global Communicator ဖြစ်တဲ့ Ken Hong ကတော့ အဆိုပါသတင်းဟာ လုံးဝကို မှားယွင်းနေပြီးတော့ ပြန်လည်ဖြေရှင်းဖို့အထိတောင် လိုအပ်တဲ့သတင်းမဟုတ်ဘူးလို့ ပြောကြားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းကတော့ Reuters ကနေ ဖော်ပြချက်အရ LG ဟာ In-house Research & Development ပြုလုပ်မှုတွေကို Foldable နဲ့ Rollable စမတ်ဖုန်းတွေလိုမျိုး Premium Device တွေအတွက်ပဲ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ကျန်တဲ့ Mid Rang နဲ့ Budget ဖုန်းတွေထုတ်လုပ်ဖို့အတွက်ကတော့ Chinese စမတ်ဖုန်းထုတ်လုပ်တဲ့ စက်ရုံတွေရဲ့ အကူအညီကိုပဲ ရယူသွားဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း LG ဟာ ယခုနှစ်အစောပိုင်းမှာ မိတ်ဆက်မယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့ Rollable စမတ်ဖုန်းကိုတော့ ယခင်တုန်းက ပြောကြားထားတဲ့အတိုင်း မတ်လမကုန်ခင် မိတ်ဆက်နိုင်မှာတော့မဟုတ်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် Display နဲ့ဆက်စပ်ပြီး ပြဿနာတွေကြုံတွေ့နေရတယ်လို့ သိရပြီး အစောဆုံး စက်တင်ဘာလဝန်းကျင်မှပဲ မိတ်ဆက်သွားမယ်လို့ ယူဆရပါတယ်။

ဘာပဲဖြစ်ဖြစ် LG အနေနဲ့ စမတ်ဖုန်းစျေးကွက်မှာ ၂၀၂၁ အတွက်ရော ဘယ်လိုမျိုး စမတ်ဖုန်းတွေမိတ်ဆက်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Phone Arena