ကိုရီးယားဝက်ဘ်ဆိုက် TheElec ရဲ့အဆိုအရ LG Display ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေမှာ အသုံးပြုမဲ့ “Under Display Camera” (UDC) နည်းပညာကို ပိုပြီးဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်နေကြောင်း သိရပါတယ်။ ဒီနည်းပညာကို ZTE Axon 30 5G နဲ့ Samsung Galaxy Z Fold 3 တွေမှာ အသုံးပြုခဲ့ကြတာကို တွေ့မြင်ခဲ့ကြပြီး ဖြစ်ပါလိမ့်မယ်။

 

မျက်နှာပြင်အောက်မှာ ကင်မရာကိုထည့်သွင်းခြင်းဟာ အခုအချိန်အထိတော့ လုံးဝပြီးပြည့်စုံတယ်လို့ မဆိုနိုင်သေးပါဘူး။ အလွှာနှစ်ထပ်ကြားက ဒီအပေါက်အတွက် ဖုံးအုပ်ရာမှာ Resolution နဲ့ Pixel density က အဓိကအလွှာနဲ့ အတော်လေးကွာခြားတာကြောင့် Patch ကို အလွယ်တကူမြင်နိုင်တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း နည်းပညာတိုင်း၊ တီထွင်မှုတိုင်းဟာ မပြည့်မစုံ၊ မသပ်မရပ်အခြေအနေကနေ ဆင့်ကဲပြောင်းလဲတိုးတက်လာတာကို မမေ့သင့်ပါဘူး။

တစ်ဖက်ကကြည့်ရင် UDC ဆီကိုသွားဖို့ဆိုရင် Hole-Punch ကို ပိုပြီး တိုးတက်ကောင်းမွန်အောင် ပြုလုပ်နိုင်ဖို့ လိုတာကို မြင်နိုင်ပါတယ်။ Roadmap တွေအရဆိုရင်တော့ LG Display ဟာ UDC ရဲ့ အလင်းရောင်ထုတ်လွှတ်မှုကို ၂၀၂၃ ခုနှစ်မှာ ၂၀% နဲ့ ၂၀၂၄ ခုနှစ်မှာ ၄၀% အထိတိုးမြှင့်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

UDC solution တစ်ခုအလုပ်လုပ်ဖို့အတွက် Low-pixel density (200PPI ဝန်းကျင်) က အလင်းကို မျက်နှာပြင်ဆီ ဖြတ်ပြီး အောက်က Selfie ကင်မရာဆီဝင်ရောက်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် LG Display ကတော့ Hole-Punch နည်းပညာကိုပဲ ပိုပြီးတိုးတက်အောင် အာရုံစိုက်နေတယ်လို့သိရပါတယ်။ အကြောင်းရင်းက iPhone 14 Pro အတွက် Hole-Punch Display တင်သွင်းသူစာရင်းထဲမှာ ပါဝင်နေလို့ပါပဲ။

တောင်ကိုရီးယားရဲ့ သတင်းရင်းမြစ်တွေကိုကိုးကားပြီး တရုတ်မီဒီယာ mydrivers ကဖော်ပြတဲ့သတင်းအရ Apple ဟာ မျိုးဆက်သစ် iPhone 14 Pro ထုတ်ကုန်တွေအတွက် Hole-Punch Display တွေကို LG ဆီကနေရယူဖို့ ညှိနှိုင်းနေကြောင်း သိရပါတယ်။ အချက်အလက်တွေက တရုတ်နိုင်ငံတွင်း ထောက်ပံ့ရေ:ကွင်းဆက်အရင်းအမြစ်တွေကလာတယ်လို့ ယုံကြည်ရပါတယ်။ အမေရိကန်နည်းပညာကုမ္ပဏီကြီးကလည်း Samsung ကိုပဲမှီခိုအားထားနေရတာကို လျှော့ချနိုင်ဖို့ကြိုးစားနေတာကြောင့် ဒီသတင်းကလည်း ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုရပါလိမ့်မယ်။

Ref: Phone Arena