LG ဟာ စမတ်ဖုန်းလုပ်ငန်းကို စွန့်လွှတ်လိုက်ရတဲ့နောက်ပိုင်း အခြားကဏ္ဍတွေကနေ ဝင်ငွေရှာဖို့ အရှိန်မြှင့်လုပ်ဆောင်လာတာကို တွေ့မြင်ရပါတယ်။ အထူးသဖြင့် Display ပိုင်းမှာ အောင်မြင်ပြီးသားဖြစ်တဲ့ တောင်ကိုရီးယားကုမ္ပဏီကြီးဟာ ဒီအပိုင်းကိုပိုပြီးတိုးတက်အောင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတာပဲ ဖြစ်ပါတယ်။


IT Home နဲ့ AppleInsider ရဲ့အဆိုအရ LG ဟာ လာမဲ့ ၂၀၂၄ ခုနှစ် iPhone နဲ့ iPad OLED မျက်နှာပြင်တွေအတွက် ဒေါ်လာ ၂.၈၁ ဘီလီယံ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေကြောင်း သိရပါတယ်။ သူတို့ဟာ Gyeonggi Province, Pauju မှာရှိတဲ့စက်ရုံတိုးချဲ့မဲ့အစီအစဉ်ကို ကိုရီးယားအစိုးရဆီ အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်ကစပြီး Apple ရဲ့အမှာစာဟာ တဖြည်းဖြည်းတိုးတက်လာတာကြောင့် LG အနေနဲ့ Apple ရဲ့ Samsung အပေါ်မှီခိုအားထားရမှုလျှော့ချလိုတဲ့ဆန္ဒကို အကောင်းဆုံးအခွင့်အရေးအဖြစ် ရယူနိုင်ဖို့ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ Samsung ကလွဲရင် အခြားလုပ်ငန်းတူတွေနဲ့နှိုင်းယှဉ်လိုက်တဲ့အခါ LG က ပိုပြီးအခွင့်အလမ်းရှိနေတာလည်း ငြင်းလို့မရပါဘူး။

ဒါ့အပြင် ပြီးခဲ့တဲ့လတုန်းက Apple ဟာ iPhone 13 Pro နဲ့ iPhone 13 Pro Max တို့မှာ အသုံးပြုမယ်လို့ ကောလာဟလထွက်ထားတဲ့ 120Hz refresh rate နဲ့ ProMotion display ထုတ်လုပ်မှုအတွက် Equipment တွေကို ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် LG ဟာ လက်ရှိပြုလုပ်မဲ့ ရင်းနှီးမြှုပ်နှံမှုတွေကြောင့် ၂၀၂၄ ခုနှစ်မှာ သူတို့ရဲ့ အသေးစားနဲ့ အလတ်စား OLED panel ထုတ်လုပ်မှုတွေကို နှစ်ဆတိုးမြှင့်နိုင်မှာကတော့ သေချာနေပြီဖြစ်ပါတယ်။

Ref: Phone Arena