၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ LG ဟာ ကုမ္ပဏီရဲ့ မိုလ်ဘိုင်းကဏ္ဍရှင်သန်ဖို့အတွက် ခေတ်နဲ့လျော်ညီတဲ့ ပြောင်းလဲမှုတွေကို ပြုလုပ်လာခဲ့ပါတယ်။ ဒီအတွက် Mid-range တန်းမှာ LG အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းတွေကို ပိုပြီးမြင်တွေ့လာရပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်လို့လည်း ဆိုနိုင်ပါတယ်။

အောက်တိုဘာလ ပထမပတ်တုန်းက Mid-range အမျိုးအစားဖြစ်တဲ့ LG W31 ကို Google Play Console မှာ မြင်တွေ့ခဲ့ကြရတယ်ဆိုပေမယ့်၊ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးရဲ့ အစီအစဉ်တွေဟာ ဒီလောက်နဲ့ ရပ်တန့်သွားမှာမဟုတ်ဘူးဆိုတာ သိခဲ့ကြရပါတယ်။ ဒါကို Google Play Console မှာ ထပ်ပြီးမြင်တွေ့ရတဲ့ 5G chipset နဲ့ LG K92 က သက်သေခံနေပါတယ်။

ကုဒ်နံပါတ် “acexlm” နဲ့ ဟန်းဆက်ဟာ K92 အဖြစ်တွေ့ရပြီး Snapdragon 690 chipset အသုံးပြုထားသလို၊ 6GB of RAM နဲ့ 1080p+ screen လည်း ထောက်ပံ့ပေးထားပါတယ်။ Qualcomm ဟာ Snapdragon chipset ကို X51 modem နဲ့ တွဲပြီးမိတ်ဆက်ခဲ့တာလည်း ဖြစ်ပါတယ်။ Qualcomm ဥက္ကဋ္ဌဖြစ်တဲ့ Cristiano Amon ကတော့ ကုမ္ပဏီရဲ့ရည်ရွယ်ချက်ဟာ “ကမ္ဘာတစ်ဝှမ်းရှိသုံးစွဲသူများအနေနဲ့ 5G ကို ပိုပြီးဈေးနှုန်းချိုသာစွာနဲ့ အသုံးပြုနိုင်စေဖို့” လို့ဆိုပါတယ်။

LG K92 ဟာ မျက်နှာပြင်ရဲ့ထိပ်ပိုင်းအလယ်တည့်တည့်မှာ Punch-hole တစ်ခု ဖောက်ထားတာကို တွေ့ရပါတယ်။ LG ရဲ့အမိမြေဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်က အကြီးမားဆုံး 5G ဈေးကွက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီအနေနဲ့ သူ့ရဲ့ 5G ရင်းနှီးမြှုပ်နှံမှုကို ပိုပြီးတိုးချဲ့ချင်တာကလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။

K92 ဟာ တောင်ကိုရီးယား ပြည်တွင်းဈေးကွက်မှာပဲ မိတ်ဆက်လာဖွယ်ရှိတယ်ဆိုပေမယ့် လွန်ခဲ့တဲ့ ၁၀ ရက်က ထွက်ပေါ်ခဲ့တဲ့ပေါက်ကြားသတင်းတစ်ခုအရ အမေရိကန်ဈေးကွက်ထဲကိုလည်း ပို့ဆောင်မယ်လို့ ဆိုနိုင်ပါတယ်။ ဒီဟန်းဆက်မှာ 64MP အဓိကကင်မရာ တပ်ဆင်ထားနိုင်ပြီး Fingerprint scanner ကတော့ ဘေးဘက်မှာ နေရာချထားပါတယ်။ Cricket Wireless ကတစ်ဆင့် ရောင်းချဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena