တကယ်တော့ LG Q92 ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ စတုတ္ထပတ်လောက်ကတည်းက Google Console စာရင်းပေါ်မှာတွေ့နေရတာပါ။ ဒီတုန်းကတည်းက Snapdragon 765 လို့ပဲသတင်းထွက်ခဲ့ပေမယ့် သြဂုတ်လ တတိယပတ်အစမှာ ထပ်ထွက်လာတဲ့ ပေါက်ကြားမှုအရ 765G ဖြစ်တယ်လို့ ပြောင်းလဲမှတ်သားခဲ့ရပါတယ်။

အခုတော့ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးရဲ့ ဈေးနှုန်းချိုသာတဲ့ LG Q92 ရဲ့ ပကတိပြင်ပဓါတ်ပုံကိုပါ တွေ့မြင်လာရပြီ ဖြစ်ပါတယ်။ Ceramic White ဗားရှင်းဒီဇိုင်းနဲ့ ဟန်းဆက်ဟာ LG Velvet ကို အဆင့်နှိမ့်ထားတယ်လို့ ပြောနေကြတဲ့အတိုင်း ဒီဇိုင်းပိုင်းမှာတော့ တကယ့်ကို Velvet ရဲ့လွှမ်းမိုးမှုတွေအောက်မှာပဲလို့ ဆိုနိုင်ပါတယ်။

LG Q92 ရဲ့ Specs တွေဟာ ပထမတစ်ခေါက် ပေါက်ကြားထားတုန်းကနဲ့ အတူတူပဲ ဖြစ်ပါတယ်။ 6.7-inch FHD+ touchscreen အမျိုးအစား မျက်နှာပြင်ဟာ အပေါ်ဘက်အလယ်တည့်တည့်မှာ Punch-hole နဲ့အတူ ကင်မရာတစ်လုံးကို မြှုပ်နှံထားပါတယ်။ ပတ်လည် Bezel တွေကတော့ အများကြီး ကျဉ်းမြောင်းမသွားဘဲ LG ရဲ့ ထုံးစံအတိုင်း ခပ်ထူထူ ပုံစံမျိုး မြင်တွေ့ရပါတယ်။

ကျောဘက်မှာ စတုရန်းပုံကင်မရာအိမ်နဲ့အတူ ကင်မရာလေးလုံးကို အထိုင်ချထားပါတယ်။ နှစ်လုံးကတော့ သိသိသာသာ ကြီးပြီး နှစ်လုံးကတော့ သေးပါတယ်။ 48MP အဓိကကင်မရာနဲ့ 8MP ultra-wide, 5MP depth, 2MP macro တို့ ဖြစ်ပါတယ်။ Selfie ကင်မရာကတော့ 32MP ဖြစ်ပြီး ဘက်ထရီကတော့ 4,000mAh ပမာဏ ဖြစ်တယ်လို့ သိရပါတယ်။

Ref: GSM Arena