အားလုံးလည်းသိတဲ့အတိုင်းပဲ LG ဟာ စမတ်ဖုန်းကဏ္ဍမှာ ဆက်ပြီးရှင်သန်နိုင်ဖို့ အပြင်းအထန်ရုန်းကန်နေရတာပါ။ တောင်ကိုရီးယားနည်းပညာကုမ္ပဏီအတွက် ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုသလိုပဲ အစကတည်းက ရုန်းကန်နေရတဲ့ ကုမ္ပဏီကို COVID-19 က ထပ်မွှေလိုက်တော့ ဈေးကွက်ထဲမှာ ကသောင်းကနင်းတွေ ဖြစ်ကုန်ကြတာပါပဲ။

ဒါပေမယ့် LG ကတော့ အနာဂတ်ကိုပဲမျှော်ကြည့်ပြီး သူတို့ရဲ့ ODM မဟာဗျူဟာကိုအားဖြည့်ဖို့အတွက် ပိုကြီးမားတဲ့ဈေးကွက်ကိုရနိုင်မယ့် နည်းလမ်းကို ၂၀၂၀ ဒုတိယသုံးလပတ် အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ အဲဒါကတော့ ကုမ္ပဏီအနေနဲ့ တန်ဖိုးမျှတတဲ့ 5G စမတ်ဖုန်းတွေကို ဒီနှစ်နောက်ပိုင်းမှာ ထုတ်လုပ်ရောင်းချဖို့ပဲ ဖြစ်ပါတယ်။

LG ရဲ့ စမတ်ဖုန်းရောင်းအားဟာ ပြီးခဲ့တဲ့နှစ်ကထက် ၁၉ ရာခိုင်နှုန်း ကျဆင်းနေခဲ့ပါတယ်။ ဒါပေမယ့် Lockdown တွေလျော့ကျလာပြီး၊ ထောက်ပံ့ရေးကွင်းဆက်တွေ တည်ငြိမ်လာတဲ့နောက်၊ သုံးလပတ်ချင်းအနေနဲ့ ၃၁ ရာခိုင်နှုန်း ပြန်လည်တိုးတက်လာခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန်နဲ့ ဥရောပလိုဈေးကွက်တွေမှာပါ။

LG Velvet ကို ဖြန့်ချိလိုက်တာကလည်း ကုမ္ပဏီရဲ့ ရောင်းအားမြင့်တက်မှုကို တစ်ဖက်တစ်လမ်းကနေ အကူအညီဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ LG က တာဝန်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်အရ ကုမ္ပဏီရဲ့ မိုလ်ဘိုင်းဆက်သွယ်ရေးဌာန (စမတ်ဖုန်းများ) ဟာ စီးပွားရေးအမြတ်အစွန်းတိုးတက်စေဖို့နဲ့ လက်ရှိဈေးကွက်မှာ ပိုပြီးတော့ ယှဉ်ပြိုင်လာနိုင်ဖို့ကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် LG အနေနဲ့ $100 ဒါမှမဟုတ် $200 တန် 5G စမတ်ဖုန်းတွေကို သူ့ရဲ့ပြိုင်ဘက်တွေရှိတဲ့ ယူအက်စ် ဒါမှမဟုတ် တရုတ်လို ဈေးကွက်မျိုးမှာ ဦးဆောင်ဖြန့်ချိနိုင်မယ့်အလားအလာရှိမရှိ လေ့လာနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် LG ဟာ 5G ဟန်းဆက်တွေကို ဈေးကွက်ထဲ အလုံးအရင်းပို့ဆောင်နိုင်ဖို့အတွက် Chip ထုတ်လုပ်သေူတွေ၊ ODMs တွေနဲ့လည်း ဆွေးနွေးညှိနှိုင်းပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

Ref: Gizmochina