LG အီလက်ထရောနစ် လုပ်ငန်းစုကြီးဟာ အောင်မြင်မှုလမ်းကြောင်းပေါ်မှာရှိနေတယ်ဆိုပေမယ့် မိုလ်ဘိုင်းကဏ္ဍမှာတော့ ငွေကြေးပိုင်းဆိုင်ရာ ဆုံးရှုံးမှုတွေ ကြုံတွေ့နေရပါတယ်။ ဒါကြောင့် ကုမ္ပဏီက ၂၀၂၀−၂၁ ခုနှစ်အတွင်းမှာ အပြောင်းအလဲဖြစ်သွားအောင် အစီအစဉ်တွေ ချမှတ်နေပါတယ်။

ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာသစ်အရ ကုမ္ပဏီရဲ့ High-end ဖုန်းတွေကို ဈေးကွက်ကန့်သတ်လိုက်သလို၊ Mid-range တွေကိုလည်းအာရုံစိုက်ထုတ်လုပ်သွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် LG V60 ThinQ နဲ့ အခြားပရီမီယံ ဖုန်းတွေဟာ ဈေးနှုန်းမြင့်မြင့်နဲ့ရောင်းလည်း ဝယ်လိုအားများနိုင်တဲ့ မြောက်အမေရိကဈေးကွက်နဲ့ ဥရောပဈေးကွက်တွေမှာပဲ ရောင်းချတော့မှာဖြစ်ပါတယ်။

တောင်ကိုရီးယား ပြည်တွင်းဈေးကွက်အတွက်တော့ ဈေးနှုန်းပိုင်းဆိုင်ရာလည်း ယှဉ်ပြိုင်နိုင်ပြီး ပရီမီယံလည်းဖြစ်တဲ့ 5G စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချပေးသွားမယ်လို့သိရပါတယ်။ ဒါကြောင့် LG G9 နဲ့အလားတူ စမတ်ဖုန်းတွေကို ဒီနှစ်ထဲမှာ တွေ့မြင်ရတော့မယ်လို့ ခန့်မှန်းရပါတယ်။

LG ဟာ ၂၀၂၀ မှာ 5G စမတ်ဖုန်းကို အဓိက အာရုံစိုက်မှာဖြစ်ပြီး Apple နဲ့ Huawei တို့ လတ်တလောမရောက်သေးတဲ့ဈေးကွက်နေရာတွေကို ဦးအောင်လို့ရယူပြီး ဖြန့်ချိရောင်းချမယ့် အစီအစဉ်ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပဈေးကွက်တွေကို အာရုံစိုက်သွားဖွယ်ရှိနေတာပါ။

Apple ဟာ သူ့ရဲ့ 5G iPhone တွေကို စတုတ္ထသုံးလပတ်မှ ဖြန့်ချိဖွယ်ရှိသလို၊ Huawei ကလည်း တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို ခံနေရတုန်းဖြစ်ပါတယ်။ ဒီအခြေအနေမှာ LG အနေနဲ့ 5G စမတ်ဖုန်း ဘယ်လောက်များများကို ရောင်းချနိုင်မလဲ စောင့်ကြည့်ရမှာပါ။

Ref: GSM Arena