LG က Explorer Project ကနေ ဒီဇိုင်း ခပ်ဆန်းဆန်း စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချမှာပါ။ အခုတော့ ပွဲဦးထွက်အနေနဲ့ LG Wing ကို ကြေညာလိုက်ပြီး မျက်နှာပြင် ၂ ခု တွဲဖက် သုံးနိုင်တဲ့ ဒီဇိုင်းဆန်း ဖုန်း ဖြစ်ပါတယ်။ မျက်နှာပြင် ၂ ခုပါတဲ့ ဖုန်းတွေ မြင်ခဲ့ကြရပြီးပြီဖြစ်ပေမယ့် LG Wing ရဲ့ ဒီဇိုင်းက ထူးခြားပြီး ပင်မ အရှေ့ မျက်နှာပြင်ကို ၉၀ ဒီဂရီ လှည့်ကာ သုံးရတာပါ။

မျက်နှာပြင် ၂ ခု တွဲဖက်ကာ အသုံးချနိုင်မယ့် နည်းလမ်း အသစ်အဆန်းတွေကို ဖန်တီးပေးထားပါတယ်။ ဒီလို ဖန်တီးဖို့အတွက် LG ဟာ Qualcomm , Naver Search Engine , Tubi , Ficto Streaming Platforms တွေနဲ့ ပူးပေါင်းထားပါတယ်။

LG Wing မှာ ၆.၈ လက်မ P-OLED FHD+ ပင်မ မျက်နှာပြင်ပါလာပြီး 20.5:9 Aspect Ratio ဖြစ်ပါတယ်။ 32MP Pop-up ဆဲလ်ဖီး ကင်မရာ ထည့်သွင်းထားပါတယ်။ အပို မျက်နှာပြင်က ၃.၉ လက်မ G-OLED FHD+ ဖြစ်ပြီး 1.15:1 Aspect Ratio ဖြစ်ပါတယ်။ ပင်မ မျက်နှာပြင်ကို အရှေ့နဲ့ အပိုမျက်နှာပြင်ကို အနောက်ဘက်မှာ ကပ်လျက် တပ်ဆင်ထားပြီး အဲဒီ ဒီဇိုင်းနဲ့ဆိုရင် ရိုးရိုး ဖုန်း ၁ လုံးလို သုံးနိုင်ပါတယ်။  ပင်မမျက်နှာပြင်ကို ၉၀ ဒီဂရီ လှည့်လိုက်ရင်တော့ မျက်နှာပြင် ၂ ခုကို တစ်ပြိုင်နက် သုံးနိုင်မှာပါ။ LG က အဓိက အားဖြင့် ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ရှုခံစားဖို့ အဲဒီ ဒီဇိုင်းကို ရည်ရွယ်ဖန်တီးထားတာပါ။

ပင်မ မျက်နှာပြင်မှာ ရုပ်ရှင် ၊ ဗီဒီယိုတွေ ကြည့်တဲ့အခါ အပိုမျက်နှာပြင်မှာ Notification ကြည့်နိုင်တဲ့အတွက် အနှောင့်အယှက် မဖြစ်တော့ပါဘူး။  ကားမောင်းနေချိန်မှာလည်း ပင်မ မျက်နှာပြင်မှာ မြေပုံလမ်းညွှန်တာတွေ ကြည့်နိုင်သလို အပိုမျက်နှာပြင်မှာ ဖုန်း လက်ခံတာတွေ လုပ်နိုင်ပါတယ်။ မျက်နှာပြင် ၂ ခု ချိတ်ဆက်ထားတဲ့ နည်းပညာ ကောင်းမွန်ပြီး အကြိမ်ပေါင်း ၂ သိန်းလောက် လှည့်လို့ ရတယ်လို့ LG က ပြောပါတယ်။

Specs အကြောင်း ပြောရရင် အနောက်ဘက်မှာ 64MP Main , 12MP Ultrawide နဲ့ 13MP Ultrawide ကင်မရာ ၃ လုံးထည့်သွင်းထားပါတယ်။ Gimbal Mode ပြောင်းလိုက်ရင် အပိုမျက်နှာပြင်ကို လက်ကိုင်လိုသုံးပြီး အနောက်ကင်မရာတွေကနေ တည်တည်ငြိမ်ငြိမ်နဲ့ ဓါတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ Snapdragon 765G , , 4,000mAh ဘက်ထရီ , 8GB RAM နဲ့ 128/256GB Storage တွေ ထည့်သွင်းထားပြီး ကြိုးမဲ့ အားသွင်း စနစ် ထောက်ပံ့ထားပါတယ်။ LG က ဈေးနှုန်းနဲ့ရောင်းမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena