CES 2021 ကျင်းပနေတုန်းမှာ တောင်ကိုရီးယားအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ LG က သူ့ရဲ့အဆင့်မြင့်ထုတ်ကုန်ဖြစ်လာမယ့် LG Rollable အကြောင်းကို အစဆွဲထုတ်ပြသွားခဲ့ပါတယ်။ ဒီအတွက် အကျိုးရလဒ်ကတော့ LG အမှတ်တံဆိပ်ဟာ မီဒီယာတွေရဲ့ စာမျက်နှာထက်မှာ ခပ်သွက်သွက်ပြေးလွှားခွင့်ရသွားတာပဲ ဖြစ်ပါမယ်။

ပြောရမယ်ဆိုရင်တော့ LG ရဲ့ Rollable စမတ်ဖုန်းအကြောင်းဟာ အချိန်အတော်ကြာအိပ်မောကျနေခဲ့တာပါ။ အခြေစိုက်နိုင်ငံတူ နည်းပညာကုမ္ပဏီကြီး Samsung က Foldable ဈေးကွက်ကို ကြီးစိုးထားချိန်မှာ LG ကတော့ စမတ်ဖုန်းကဏ္ဍမှာ ဆက်လက်ရှင်သန်ဖို့ ရုန်းကန်နေခဲ့ရပြီး၊ တီထွင်ဆန်းသစ်မှုအပိုင်းမှာလည်း ပါးစပ်အဟောင်းသားဖြစ်သွားစေမယ့် ထုတ်ကုန်မျိုးတော့ မပြသနိုင်သေးပါဘူး။

ဒါပေမယ့် LG Rollable ဟာ ဒီနေ့ခေတ် တီထွင်ဆန်းသစ်မှုပိုင်းမှာ မျက်ခုံးပင့်ရမယ့် Device ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ LG ကလည်း သူတို့ရဲ့ ဝှက်ဖဲကို အများမြင်သာအောင် ထုတ်ပြလာတော့မယ့် အရိပ်အယောင်တွေကို ပြသနေပါပြီ။ ကုမ္ပဏီအနေနဲ့ အခုအချိန်အထိ Rollable စမတ်ဖုန်းရဲ့ အဓိကအချက်အလက်တွေအကြောင်း ထုတ်ဖော်မပြောသေးပေမယ့် ပေါက်ကြားသတင်းတွေကတော့ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။

အထူးသဖြင့် LG Rollable ရဲ့ တန်ဖိုးဟာ Samsung ရဲ့ ပထမဆုံး Galaxy Fold တုန်းကနဲ့ သိပ်မကွာခြားတဲ့ ဈေးနှုန်းအဖြစ် ဖော်ပြနေကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက သတင်းထွက်ခဲ့တာက $2,359 (၃၂ သိန်းဝန်းကျင်) ဖြစ်ပေမယ့်၊ ဒီတစ်ကြိမ်သတင်းထွက်တာကတော့ ပိုများတဲ့ပမာဏအဖြစ် $2,560 (၃၄ သိန်း ဝန်းကျင်) လို့ ဆိုတာပါ။

တစ်ဖက်မှာလည်း LG အနေနဲ့ သတ္တုကိုယ်ထည်နဲ့ စက်ပိုင်းဆိုင်ရာပြဿနာတွေ၊ အကြမ်းခံနိုင်မှုဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့လိုအပ်နေတသးတယ်လို့ သတင်းထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ထုတ်ကုန်သစ်ကို စက်တင်ဘာလ တစ်ရက်ရက်မှ  မိတ်ဆက်ဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Ref: GSM Arena