Samsung ဟာ ပထမဆုံး FE ဖုန်း Galaxy Note FE (Fan Edition) ကို ၂၀၁၇ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။ Galaxy Note FE (Fan Edition) ဟာ အမှန်တကယ်တမ်းတော့ Galaxy Note 7 ကို ပြန်လည်ပြုပြင်ထားတဲ့ဖုန်းလို့ ပြောခဲ့ကြပါတယ်။ ဒီ FE ယဉ်ကျေးမှုဟာ အခုအချိန်ထိလည်း Samsung Fan တွေကို ဆွဲဆောင်နေနိုင်တုန်းဖြစ်တာကို တွေ့ရပါတယ်။

ဒီနှစ်ထဲမှာ Samsung ဟာ Galaxy S20 စီးရီးရဲ့ ဈေးပိုသက်သာတဲ့အမျိုးအစားဖြစ်တဲ့ Galaxy S20 FE ကို ဖြန့်ချိခဲ့ပြီး၊ Flagship စီးရီးတွေမှာ FE မော်ဒယ်တွေ ပိုပြီးရလာမယ်လို့လည်း ကတိပေးခဲ့ပါတယ်။ တွစ်တာမှာလည်း Max Weinbach (@MaxWinebach) က Samsung က ကြေညာမယ့် Device ၇ ခုကို ဖော်ပြခဲ့ပါတယ်။ ဒီထဲမှာ Galaxy Fold စီးရီးမှာလည်း FE မော်ဒယ်ရရှိမယ်လို့ ဆိုခဲ့တာပါ။

Max Weinbach (@MaxWinebach) ဖော်ပြခဲ့တဲ့ Samsung ရဲ့ Flagship ၇ မျိုးဟာ S21 FE, S21, S21+, S21 Ultra, Z Fold 3, Z Flip 3 နဲ့ Z Fold FE တို့ပဲ ဖြစ်ကြပါတယ်။ ဒီထဲမှာ စိတ်ဝင်စားစရာအကောင်းဆုံးလို့ပြောရမှာက Galaxy Z Fold FE ပါ။ အကြောင်းကတော့ ဈေးနှုန်းသက်သာတဲ့ Foldable မော်ဒယ်ဖြစ်လာမှာကြောင့်ပဲ ဖြစ်ပါတယ်။ Galaxy Z Fold FE ရဲ့ ဈေးနှုန်းဟာ ဒေါ်လာ ၁၅၀၀ အောက်ပဲဖြစ်နိုင်တယ်လို့လည်း ထင်ကြေးပေးခြင်းခံနေရပါတယ်။

ဒါ့အပြင် ဒီထဲက Device သုံးမျိုးကတော့ S Pen ထောက်ပံ့မယ်လို့လည်း ဆိုပါတယ်။ Galaxy S21 Ultra ကတော့ S Pen ထောက်ပံ့မယ့် Device သုံးမျိုးထဲက တစ်မျိုးဖြစ်တယ်ဆိုတာကို ပေါက်ကြားသတင်းတွေအရ သိထားပြီးကြပါလိမ့်မယ်။ Galazy Z Fold 3 ရဲ့မျက်နှာပြင်ကိုလည်း Stylus နဲ့တွဲပြီးသုံးနိုင်လောက်အောင် အရည်အသွေးမြင့်လာပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နှင့်ပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် S Pen ထောက်ပံ့မယ့် တတိယ Device ဟာ Galaxy Z Fold FE ဖြစ်မယ်လို့ပဲ မျှော်လင့်ရပါတယ်။ Max Weinbach (@MaxWinebach) ရဲ့ စာရင်းမှာ Galaxy Note စီးရီး ပါဝင်လာခြင်းမရှိတာကြောင့် Samsung အနေနဲ့ လာမယ့်နှစ်အတွင်း Note စီးရီးကို အဆုံးသတ်တော့မယ်ဆိုတဲ့သတင်းတွေက ပိုပြီးအားကောင်းလာတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

Ref: Gizmochina