သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွေထဲမှာသာ တွေ့မြင်ခဲ့ရတဲ့ အင်းဆက်ပိုးမွှားတွေကို ထောက်လှမ်းရေးအဖြစ် အသုံးပြုတဲ့နည်းပညာဟာ လက်တွေ့ဖြစ်လာတော့မယ့်ပုံပါပဲ။ ဂျာမနီနိုင်ငံအခြေစိုက် SWARM Biotactics ဆိုတဲ့ ကုမ္ပဏီတစ်ခုက ပိုးဟပ်အရှင်တွေကို အဆင့်မြင့်နည်းပညာသုံး “ကျောပိုးအိတ်ငယ်” တွေတပ်ဆင်ပြီး Cyborg အင်းဆက်များအဖြစ် ပြောင်းလဲကာ ထောက်လှမ်းရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ ကြိုးပမ်းနေပါတယ်။

Russia Unveils New Cockroach Spy Robot - Newsweek

ဒီနည်းပညာရဲ့အဓိကအချက်ကတော့ ပိုးဟပ်တွေရဲ့ ကျောပေါ်မှာ တပ်ဆင်ပေးထားတဲ့ အထူးပြုလုပ်ထားတဲ့ အီလက်ထရောနစ် ကျောပိုးအိတ်ငယ်လေးပါပဲ။ အဲဒီကျောပိုးအိတ်ငယ်ကနေတစ်ဆင့် ပိုးဟပ်ရဲ့ သွားလာလှုပ်ရှားမှုကို ထိန်းချုပ်လမ်းညွှန်နိုင်မှာဖြစ်ပြီး၊ အချိန်နဲ့တပြေးညီ ဒေတာအချက်အလက်တွေ စုဆောင်းတာ၊ လုံခြုံတဲ့ ဆက်သွယ်ရေးစနစ်နဲ့ သတင်းပြန်ပို့တာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ ဒီနည်းပညာကြောင့် ပိုးဟပ်တစ်ကောင်ချင်းစီဟာ ဇီဝစက်ရုပ်ကင်းထောက်တစ်ဦးအဖြစ် ပြောင်းလဲသွားမှာပါ။

SWARM Biotactics ကုမ္ပဏီရဲ့ CEO ဖြစ်သူ စတီဖန် ဝီလ်ဟမ်က ဒီ Cyborg ပိုးဟပ်တွေရဲ့ အားသာချက်ကို အခုလိုရှင်းပြပါတယ်။ သမားရိုးကျ ဒရုန်းတွေ၊ စက်ရုပ်တွေ သွားလာလို့မရတဲ့ အန္တရာယ်များတဲ့နေရာတွေ၊ ပြိုကျပျက်စီးနေတဲ့ အဆောက်အအုံတွေထဲနဲ့ ရှုပ်ထွေးတဲ့ မြေမျက်နှာသွင်ပြင်တွေမှာ ဒီပိုးဟပ်တွေက အလွယ်တကူ ဝင်ရောက်လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ သူတို့ဟာ သဘာဝအင်းဆက်တွေဖြစ်တာကြောင့် ရန်သူရဲ့ထောက်လှမ်းရေးစနစ်တွေမှာ ဖမ်းမိနိုင်ခြေ အလွန်နည်းပါးပြီး၊ ကုန်ကျစရိတ်လည်း သက်သာတာကြောင့် အရေအတွက်အများအပြားကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ စိတ်ကူးသက်သက်မဟုတ်ဘဲ လက်တွေ့အကောင်အထည်ဖော်ဖို့ အရှိန်အဟုန်မြှင့်နေပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ဇွန်လက သက်သေပြခဲ့ပါတယ်။ ကုမ္ပဏီဟာ ဥရောပ၊ အမေရိကန်နဲ့ ဩစတြေးလျက ရင်းနှီးမြှုပ်နှံသူတွေဆီကနေ ယူရို ၁၀ သန်း ရန်ပုံငွေ ရရှိခဲ့ပြီး၊ ဒီရန်ပုံငွေတွေနဲ့ နည်းပညာအဆင့်ကနေ လက်တွေ့အသုံးချနိုင်တဲ့အဆင့်ကို ကူးပြောင်းသွားတော့မှာဖြစ်တယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဒီနည်းပညာကို ကာကွယ်ရေး၊ လုံခြုံရေးနဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းတွေမှာ အဓိကအသုံးပြုသွားမယ်လို့ သိရပါတယ်။

Ref : Interesting Engineering